အငယ်လေးကို ချစ်ခဲ့မိလို့(၃)

အချစ်ဆိုအိုသည် မရှိသော်လည်း ဒီရုပ်ခန္မာကြီးကို နေ့စဉ် ဇရာ(အိုခြင်း) တရားက ၀ါးမြိုနေပေပြီ။ ဦးရွှေဝင်း မှန်ရှေ့တွင် မတ်တပ်ရပ်၍ ခေါင်းဖြီးရင်း ပြုံးစိစိနှင့် စဉ်းစားမိပါ၏။ ကိုယ့်ကိုယ်ကိုလည်း စိတ်ထဲက ပြန်ပြီး ဆုံးမနေပါပြီ( မုတ်ဆိတ်လည်း ဖြူ၊ နှုတ်ခမ်းမွှေးလည်း ဖြူပြီ၊ င့ါစိတ်တွေ ဘာကြောင့် မဖြူသေးတာလဲ)။
ဦးရွှေဝင်သည် မှန်ကို အားပါးတရားကြည့်၍ မှန်ထဲက လူနှင့် အတူ
တစ်ယောက်တည်း စကားတွေ ပြောဆိုနေပေသည်။ “ ချစ်စုမရေ…မင်းဘာတတ်နိုင်သေးလဲ၊
င့ါကို လိမ်ညာလို့ ရမယ် ထင်နေသလား၊ မင်းလက်ထပ်ယူမယ့် ၀င်းမင်းဆိုတဲ့
ကောင်လေးဆီကို နင်နဲ့ငါတို့ရဲ့ ၀တ္ထုဇာတ်လမ်း စာမူ တစ်စောင် မိတ္တူ
ပို့လိုက်ပြီ….ချစ်စုမက ဒီနှစ် နောက်ဆုံးနှစ် စာမေးပွဲ ဖြေပြီးတာနဲ့
ဝင်းမင်း ကောင်လေးက လာခေါ်ပြီး ထွက်ပြေးကြမယ်ပေါ့.။အခုတော့ မင်းတို့
ဘာတတ်နိုင်သေးလဲ…ဦးက ကြိုတင်ပြီး အချစ်ကြေငြာစာတမ်း
စိန်ခေါ်ထားတာ“(ပျံလေတဲ့ ငှက်ခါးမလေး..နားခါမှ သိမယ်လို့)။”
မြေလတ်တက္ကသိုလ်ကျောင်း၏ အထွက်ပေါက်တွင် ဂျစ်ကားတစ်စီးနှင့်
လူငယ်တစ်ယောက် ကားရပ်၍ စောင့်မျှော်နေပါသည်။ လူငယ်သည် နာရီ
တကြည့်ကြည့်ဖြင့် ချစ်စုမ ထွက်အလာကို လှမ်း၍ ကြည့်နေ၏။ ကျောင်းသူ
အမျိုးသမီး တစ်အုပ်စု ရောက်လာကြပါသည်။ ချစ်စုမလည်း ပါလာပေသည်။
“ ဟေ့…ဟေ့ …ချစ်စုမ နင့်ကို ခေါ်ဖို့ င့ါကို လွှတ်လိုက်တာ……လာ လာ
ကားပေါ်ကို မြန်မြန်တက်ပါ..။ သူရှေ့မှာ စောင့်နေတယ်” ချစ်စုမသည်
အံ့အားသင့်စွာဖြင့် ကားပေါ်သို့ စွေ့ကနဲ တက်လိုက်ပါ၏။ ဒီနေ့ စာမေးပွဲ
အပြီးမှာ ၀င်းမင်းကို လာခေါ်ရန် သေသေချာချာချိန်းထားသည်။သူဘာကြောင့်
ကိုယ်တိုင် မလာရတာလဲ…စဉ်းစားမိရင်း စိတ်မော၍ နေပါသည်။“ ကားဆရာ၊
ဝင်းမင်းက ဘယ်မှာလဲ……..ဘယ်နေရာက စောင့်မှာလဲ ဘာတွေ
မှာလိုက်သေးလဲ…ရှင့်ကို ကျမ မယုံပါဘူး” “ ရော့…ဒီစာကိုကြည့်… မှ/
ဝင်းမင်းတဲ့။ ရှေ့လမ်းဆုံမှာ ချစ်စုမကို စောင့်နေသူ တစ်ယောက်
တွေ့ရပါလိမ့်မယ်”
ဂျစ်ကားသည် လမ်းဆုံသို့ အရောက်တွင် မြို့ပြင်ဘက် ထွက်ရန် ဘယ်ဘက်ကို
ကွေ့ချိုး၍ အရှိန်ပြင်းစွာ မောင်းနှင်လာခဲ့ပေသည်။
မန်ကျည်းပင်အိုကြီး တစ်ပင်သို့ မရောက်မှီ အရှိန်ကို လျှော့လိုက်တာ
ချစ်စုမ သတိထားလိုက်မိသည်။ သစ်ပင်ကြီး အောက်အရောက်တွင် ကားဘရိတ်ကို
ဆောင့်၍ ရပ်လိုက်၏။ ချစ်စုမသည် ဂျစ်ကား၏ လက်ကိုင်အား ဆုပ်ထားသော်လည်း
သူမ၏ ခေါင်းနှင့် သံဘောင်ထိပြီး မူးသွားသည်။ မျက်လုံးပြာဝေသွားသည်။
ကားမောင်းသူ လွင့်ကျသံ ကြားလိုက်မိပါသည်။ မိုးကာအင်္ကျီနှင့်
လူတစ်ယောက်သည် ဆိုင်ကယ်တစ်စီးဖြင့် ၀င်ရောက် ၍ ကားဘေးမှာ ထိုးရပ်လိုက်၏။
ထိုလူကြီးသည် ကားပေါ်သို့ လွှားကနဲ ခုန်တက်လာခဲ့သည်။
ကားမောင်းသူကိုအောက်သို့ဆွဲချလိုက်ခါ တစ်ချက်စိုက်ကြည့်ပြီး ကားကို
ဒလကြမ်း မောင်းထွက်လိုက်သည်။ သူ၏ ပါးစပ်မှလည်း တဟားဟား ရယ်မောပြီး
ပြောဆိုနေသံများကို ချစ်စုမ ကြားတစ်ချက် မကြားတစ်ချက် မျက်လုံးကို မှေး၍
နားထောင်နေမိသည်။
“ င့ါအချစ်ဆုံးကလေး၊ မင်းဘယ်ကို ပြေးအုံးမှာလဲ..။ အချစ်ဆိုတာ
စွန့်လွှတ်ခြင်း မဟုတ်ဘူးလို့ ငါပြောထားတာ မင်းတို့ မေ့သွားတာလား….
အချစ်နဲ့စစ်မှာ မတရားတာ၊ သနားစရာ မရှိဘူးကွ မှတ်ထား။ ချစ်စုမကို ငါ လုံးဝ
လက်လွတ်မခံနိုင်ဘူး အသည်းလေး….. ချစ်စုမရေ…ဦး
အချစ်ရူးကြီးကိုခွင့်လွှတ်ပါ ကလေးရယ်..”
ဦးရွှေဝင်း၏ ပြောဆိုသံကို ကြားလိုက်ရတာနဲ့ ချစ်စုမ တစ်ယောက်
သဘောပေါက်သွား ပါသည်။ ဆက်လက်၍ မူးမေ့ချင်ယောင် ဆောင်လိုက်ပြီး မျက်စိကို
မှိတ်လျှက် သူမရင်ထဲက စကားတွေကို အသံမထွက်ဘဲ ပြောဆို လိုက်ပါလာခဲ့သည်။
“ ဦးရယ် ..ဦးကို သမီး စိတ်မဆိုးပါဘူး…၊ ဦးက သမီးကို
ချစ်ရေးဆိုစဉ်ကတည်းက သမီးကလည်း တကယ်ပြန်ပြီး ချစ်နေခဲ့မိတာ အမှန်ပါ..။
မထက်နဲ့ မသဲသဲတို့က ဦးကို မကြိုက်သင့်၊ မဖြစ်သင့်ပါဘူးဟယ်လို့
ဇွတ်အတင်းနားချပါတယ်.။ရည်းစားလုံးဝ မရှိသေးတဲ့ ကျမကိုလေ ကျမကိုလေ
ဝင်းမင်းဆိုတဲ့ ကောင်လေးနဲ့ သဘောတူကြ၊ အောင်သွယ်ကြလို့ ဒီအဆင့်ထိ
ဖြစ်လာရတာပါ။ အခုလို ထွက်ပြေးဖို့ စီစဉ်ရတာလည်း …ဦးတို့ မိသားတစ်စုလုံး
ကောင်းစားရေးအတွက် ..သမီးရဲ့ ဘ၀ကို စတေးပြီး ၀င်းမင်းထံ ပေးဆပ်ဖို့
ကြံရွယ်ခဲ့မိတာ အမှန်ပါ ဦးရယ်..။အစကတည်းက သမီးကို ဒီလို ဦးက
ခိုးပြေးဖို့ မျှော်လင့်နေခဲ့ပါတယ်။ ဦးရဲ့ အယုအယနဲ့
အကြင်နာရင်ခွင်ကြီးကို တမ်းတနေခဲ့ရ၊ လွမ်းနေခဲ့ရတာ ကြာပါပြီ ဦးရယ်..။ ကဲ
အခုတော့ ဦးသွားချင်ရာကို သမီးလိုက်ခဲ့ပါတော့မယ်နော်..။ မိန်းကလေးဆိုတော့
လည်း…နဲနဲလေးတော့ ဟန်ဆောင်ကာ မူပိုပါရစေ ဦးရယ်…“။
ဦးရွှေဝင်း တစ်ယောက် တော်တော် ပျော်နေမိပါ၏။ သူ၏ ပုခုံးပေါ်သို့ မေးတင်၍
လိုက်ပါလာသော ချစ်စုမရဲ့ ပါးကို တစ်ချက် အားပါးတရ မွှေးလိုက်၊ ကားလီဘာကို
ခြေကန်ပြီး နင်းလိုက်နှင့် နှလုံးသား စည်းချက် ညီနေပေတော့သည်။
ဦးရွှေဝင်းသည် သူ၏ ဂျစ်ကားကို စက်အရှိန်လျှော့လိုက်ပါသည်။
မြို့နှင့်လည်း (မိုင် ၃၀) ဝေးလာခဲ့ပေပြီ။ သူ့ရင်ခွင်ထဲမှာ ခေါင်းထိုး၍
ပါလာသူ ချစ်စုမကလည်း မလှုပ်မယှက်ဖြစ်နေတော့ စိတ်ပူလာမိ၏။
သစ်ပင်ရိပ်ကောင်းသော လမ်းဘေးဇရပ်သို့ ကားကို ထိုးရပ်လိုက်မိပါ၏။ ချစ်စုမ၏
လက်ထဲတွင် ဆုပ်ကိုင်ထားသော စာတစ်စောင်ကို ဦးရွှေဝင်း
မြင်တွေ့လိုက်ရပါသည်။ ချစ်စုမအား အသာအယာ ပွေ့ဖက်၍ ကားပေါ်မှ ဇရပ်ပေါ်သို့
ချလိုက်ပါသည်။ ချစ်စုမသည် မျက်လုံးကို မှိတ်၍ မူးမေ့ချင်ယောင် ဆောင်ရင်း
သူမ၏ ရင်တွေ တဇက်ဇက်ခုန်ပြီး ကြည်နူးသာယာနေမိပါ၏။ ဦးရွှေဝင်းသည် ချစ်စုမ၏
ပါးပြင်နုနုလေးကို အကြိမ်ကြိမ် အခါခါ မွှေး၍ ချစ်စုမကို တိုးတိုးလေး
ကပ်ပြီး ပြောဆို လှုပ်နိုးနေပါတော့သည်။
“ အသည်းလေး၊ ချစ်စုမ၊ ချစ်စုမ သတိရပါတော့ ကလေးရယ်… အခုလို ကလေးမတို့ရဲ့
အချစ်ကို အတင်းအဓမ္မ ဓါးပြတိုက်လို့ လုယူခွဲထားပြီး ခေါ်လာရတာ ဦးကို
ခွင့်လွှတ်ပါကလေးရယ်နော်…”
ချစ်စုမသည် ဦးရွှေဝင်း၏ ရင်ခွင်မှ ဆက်ကနဲ ရုန်းကန်၍ ထပြီး
ထိုင်လိုက်ပါသည်။ အိပ်ချင်ယောင်ဆောင်သူ တစ်ဦးကဲ့သို့ ဟန်ဆောင်ထားပေသည်။
“ ၀င်းမင်း.၀င်းမင်း ဘယ်မှာလဲ..ဘယ်မှာလဲ……..ဟင်.။ ရှင်….ရှင်…ဦးရွှေဝင်း
….ဦး …..ဦးရယ် သမီးတို့ ချစ်ခြင်းကို မခွဲပါနဲ့လား.”
ချစ်စုမ၏ ပါးစပ်မှ ထွက်လာသော စကားလုံးများသည် ဦးရွှေဝင်း၏
ရင်ဘတ်အတွင်းမှ အသည်းနှလုံးအား မိုးကြိုး ရှစ်စိတ်ခွဲသွားသကဲ့သို့
နာကျင်ခံစား ထိခိုက်တုန်လှုပ်သွားပေသည်။ ချစ်စုမ၏ လက်ထဲတွင်
ဆုပ်ကိုင်ထားသော စာရွက်ခေါက်အား ဦးရွှေဝင်း ဆွဲယူလိုက်ပါသည်။
ထိုစာရွက်သည် ၀င်းမင်းမှ ကိုယ်တိုင်ရေးသားပြီး ဦးရွှေဝင်းမှ တဆင့်
ချစ်စုမကို ပေးသော စာဖြစ်ပါသည်။ ယင်းစာအား ချစ်စုမသည် ဖွင့်၍ မဖတ်ခဲ့ပါ။
မှ/ ၀င်းမင်း ဆိုသော စာအိပ်ပေါ်မှ လက်ရေးမှာ ၀င်းမင်း ၏ လက်ရေး သေချာနေ၍
ကားနှင့် ကားဆရာကို အခေါ်ခိုင်းသည်ဟု ချစ်စုမယုံကြည်စွာနှင့်
လိုက်လာခဲ့ခြင်း ဖြစ်ပါသည်။ အဖြစ်မှန်မှာ ဦးရွှေဝင်းသည် သူနှင့် ချစ်စုမ၏
ဇာတ်လမ်း ၀တ္ထု စာမူကို ၀င်းမင်းထံသို့ ကိုယ်တိုင် သွား၍ ပေးခဲ့ပါသည်။
ဝင်းမင်းမှာ ယင်းစာမူအား ဖတ်ပြီး ဒေါသအမျက် ချောင်းချောင်းထွက်၍
ဦးရွှေဝင်းထံ ပေးသွားသော စာဖြစ်ပါတော့သည်။
ဦးရွှေဝင်းသည် ချစ်စုမအား စူးစူးစိုက်စိုက်ကြည့်ပြီး စာအိပ်ကို
အမြန်ဖွင့်၍ ချစ်စုမ၏ မျက်နှာရှေ့သို့ ထိုးပေးလိုက်သည်။

သို့/
မာယာဒေ၀ီချစ်စုမ
ဦးရွှေဝင်းထံမှ နင်တို့ရဲ့ တော်သလင်းခွေး ဇာတ်ခင်းကြတာတွေ ငါအားလုံး
သိခဲ့ရပါပြီ။ နင့်ရဲ့ (နွားမရွှံ့ပိတ်ပြီး အချစ်ဈေးကွက် လေလံတင်ပွဲထဲက
ယောက်ျားတွေထဲမှာ ငါလုံးဝ မပါတော့ပါ။ ဖြစ်ခဲ့သမျှ အားလုံးကို
မေ့ထားလိုက်ပါပြီ။ ငါတစ်ခု သတိပေးလိုက်ပါတယ်။ ခြံခုန်တတ်တဲ့ နွားမဟာ
အမြဲခြံခုန်တတ်ပါတယ်။ နင်ရဲ့ အချစ်မာယာ အကျင့်ဆိုးတွေကို ခ၀ါချပြီး
ဦးရွှေဝင်းနဲ့ သေတဖန် တစ်သက်လုံး ပေါင်းသင်းနိုင်ကြပါစေ။


ဝင်းမင်း


ချစ်စုမသည် ၀င်းမင်း၏ စာကို ဖတ်ပြီး ဦးရွှေဝင်းထံ ခေါင်းထိုး၍
ချုံးပွဲချ ငိုနေပေတော့သည်။ သူပြုလုပ်ခဲ့သမျှ ပြန်ပြီး စဉ်းစားရင်း
နောင်တရနေပေတော့သည်။ ဦးရွှေဝင်းမှာ ရင်ခွင်အတွင်းသို့ ရောက်လာသော
ချစ်စုမကို ပြန်၍ နှစ်သိမ့်စကား ဆိုရပေ၏။
“ တိတ်ပါ ၊ ချစ်စုမရယ်….ဦး တစ်ယောက်လုံး ရှိနေပါသေးတယ်။ အခုလို
မင်းတို့ လူငယ်တွေရဲ့ အချစ်ကို ခွဲပြီး လုယူခဲ့မိတာ ဦးကို
ခွင့်လွှတ်နော်”
“ ဦးကို သမီး ခွင့်လွှတ်ပါတယ် ဦးရယ်..။ ခွင့်မလွှတ်နိုင်တာက သမီးကို
သမီး ခွင့်မလွှတ်နိုင်တော့ပါဘူး..။ မှန်ရာကို ၀န်ခံပါရစေ.။ဦးက သမီးကို
ချစ်တယ်လို့ ချစ်ရေ ဆိုစဉ်တုန်းမှာ ရည်းစားဆိုတာ ဘယ်သူ့ကိုမှ
မထားခဲ့ရသေးတာ အမှန်ပါ။ ဦးနဲ့ သမီးဟာ ဒီလို ဘ၀မျိုးကို
မရောက်အောင်ဆိုပြီး ကောင်လေးတွေနဲ့ ၀င်းမင်းကို တစ်ယောက်ပြီး တစ်ယောက်
လက်တည့်စမ်းခဲ့မိပါတယ်…..။ အဲဒီအထဲက ၀င်းမင်းဟာ သမီးကို တကယ်အနစ်နာခံပြီး
နှစ်နှစ်ကာကာ ချစ်ခဲ့တာပဲလို့ ထင်ခဲ့ပြီး လက်ထပ်ဖို့ ရွေးခဲ့တာပါ။
ဦးနဲ့ဝေးရင် ပြီးတာပဲဆိုတဲ့ မထူးစိတ်မွေးခဲ့ရတာပါ။ ဦးကို သမီး
တကယ်ချစ်ခဲ့မိလို့ သမီးရဲ့ ဘ၀ တစ်ခုလုံးကို အကြိမ်ကြိမ်အခါခါ
ပေးဆပ်အပ်နှင်းခဲ့တာပါ ဦးရယ်…။အခုတော့ .သမီးဟာ မယားငယ် ဘ၀ကို လုံးလုံး
သက်ဆင်းလိုက်ရပါပြီး….ဦးပြုစုတော့မှ နုရမယ့် ပန်းကလေးတစ်ပွင့်
ဖြစ်သွားပါပြီ ဦးရယ်….”
လောကတခွင် အမှောင်တကာ့ အမှောင်ဆုံးသည် ကာမ ကိလေသာ၏ အမှောင်သည်
အကြီးဆုံးဖြစ်ပါပေသည်။ သို့သော်လည်း ဦးရွှေဝင်းနှင့် ချစ်စုမတို့၏
ရင်ဘတ်တွေထဲမှာတော့ အချစ်လမင်း အစင်းပေါင်း ကုဋေကုဋာ ဝေဖြာနေကြပေတော့သည်။
******************
ဦးရွှေဝင်းသည် ကြိုတင် စီမံထားသည့်အတိုင်း ချစ်စုမနှင့်အတူ သရက်မြို့တွင်
အိမ်ထောင်သစ်ထူ၍ နေကြပေသည်။ စီးပွားရေးမှာ သစ်၊ ၀ါး၊ မီးသွေး ပွဲရုံကြီး
ဖွင့်ထားပါသည်။ ဦးရွှေဝင်းသည် သရက်မြို့မှာ လွန်ခဲ့သော နှစ်ပေါင်း
(၃၀)ခန့် ဆောက်လုပ်ရေး လုပ်ငန်းတာဝန်ဖြင့် နေခဲ့ဘူး၏။ သူငယ်ချင်း
ကိုခင်မောင်ကြည် (လူပျိုကြီး)နှင့် ပြန်၍ တွေ့ဆုံပြီး တိုင်ပင်ကာ
ဤသရက်မြို့ကို နေထိုင်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်။
ကိုခင်မောင်ကြည်သည် ပျော်ပျော်ပါးပါး အမြဲနေထိုင်တတ်ပါသည်။
ဦးရွှေဝင်းနှင့် ချစ်စုမတို့ လင်မယား ရောက်လာစဉ်က စတင်နောက်ပြောင်တော့၏။
“ ကိုရွှေဝင်းတို့ နှစ်ယောက်ကတော့ တစ်ကယ်ကြည့်လို့
ကောင်းတယ်.ရှေ့သွားလိုက် ညီပြီး တကယ့်သားအဖနဲ့ တူတာပဲ”
“ ဟဲ၊ ဟဲ ကိုခင်မောင်ကြည်ရေ --တော်ပါတော့ဗျာ…..လူကြီးရှက်တော့ ကျွန်တော်က
ရယ်နိုင်ပေမယ့် ချစ်ဇနီး အသစ်စက်စက် ချစ်စုမရဲ့ မျက်နှာလေးမှာ
ရှက်သွေးတွေ ဖြာနေပါပြီဗျာ…”
ကိုရွှေဝင်းနှင့် ကိုခင်မောင်ကြည်တို့ သူငယ်ချင်း နှစ်ယောက်မှာ
ရယ်ရယ်မောမော ပြောဆိုနေခဲ့ကြသည်။ ချစ်စုမသည် ရှက်စိတ်ကြီး၍
အိမ်တွင်းခန်းသို့ ပြေးဝင်ပြီး ငိုပွဲဆင်တော့သည်။ အရွယ်မတူ အချစ်ဟူသော
အကြောင်းရင်းခံမှုကြောင့် ချစ်စုမ၏ စံပယ်ဖြူ ချစ်ပန်းပွင့်ကလေး
ညှိုးနွမ်းသွားရပေတော့သည်။ ဦးရွှေဝင်းမှာ ပြာရိပြာရာဖြင့်
အိမ်တွင်းခန်းသို့ ၀င်လိုက်လာခဲ့ပေတော့၏။ ချစ်စုမသည် အိပ်ယာပေါ်မှာ
ဝမ်းလျားမှောက်၍ ငိုရှိုက်နေပါသည်။
“ ချစ်စုမ…ချစ်စုမ…ဦးရဲ့ ချစ်ဇနီးလေးရေ…..မငိုပါနဲ့ကွယ်။
တိတ်ပါတော့နော်….ဦးတို့ဘ၀ က ယခုမှ စလုံးရေစ၊ မင်္ဂလာဦးည မင်းက ငိုနေရင်
ကလေးမျက်လုံးပြူးလိမ့်မယ်…ထပါတော့၊ ဒီဘက်ကို လှည့်ပါအုံး”
ချစ်စုမကို ပြောပြောဆိုဆိုခြင့် ဦးရွှေဝင်းသည် သူကိုဆွဲ၍ လှည့်လိုက်ပြီး
ချော့နေပါတော့သည်။
“ သွား၊ သွား ညီမ အနားကို မလာပါနဲ့၊ ညီမကိုလည်း ဘယ်တော့မှ သမီးလို့
မခေါ်တော့ပါနဲ့..။ ဦးက ညီမကို သမီး သမီးလို့ ခုလို ခေါ်နေတော့ သူများတွေက
အပြောခံနေရတာ သိလား.။”
“ ဦးရဲ့ ချစ်ဇနီးလေး အမိန့်တော်အတိုင်း
နာခံတော်မူပါမယ်ဗျာ…ရွှေစိတ်တော်ညို-နှုတ်ခမ်းတော်စူ၍ မမူလိုက်ပါနဲ့
ညီမတော် အလိုကျ……..ဆိုစကားများ…..ဆက်လက်ပြီး အမိန့်တော်ရှိပါ နှမတော်
ချစ်ဇနီးလေးဗျား”။
ဦးရွှေဝင်းသည် ကုတင်ပေါ်မှ ချစ်စုမအား လက်အုပ်ကလေး ချီလျက်သား အချစ်တဏှာ၏
ကျွန်ကြီးအဖြစ် ခစားနေပါသည်။
“ ဦးနော်…ညီမကို အရှင်လတ်လတ် ငရဲပို့နေတာလား…တော်ပါတော့ဆို…အဲဒီ
လက်နှစ်ဖက်လာခဲ့..။ ညီမရဲ့ ရင်ထဲက လှိုင်းလုံးခတ်သံတွေနဲ့အတူ
…စကားပြောပါရစေဦး..ဦးရယ်၊ ညီမမှာ ဦးကို ချစ်လွန်းအားကြီးလို့
မိဘဆွေမျိုးတွေပြစ်ပြီး လိုက်လာခဲ့ရတာပါ။ ညီမရဲ့ ဘ၀က ဦးပြုစုယုယမှ
နုရတော့မှာပါ။ သူများတွေရဲ့ တံတွေးခွက်ထဲမှာ ပက်လက်မျှောလိုက်ခဲ့မိပါပြီ
ဦးရယ်…။”
ချစ်စုမသည် ဦးရွှေဝင်း၏ လက်နှစ်ဖက်ကို ဆွဲလျှက် ရင်ခွင်တွင်းသို့ ၀င်ပြီး
အချစ်မျက်ရည်ခံထိုး၍ စကားပြောနေကြ၏။
“ ဦးရယ်၊ ညီမရဲ့ ဘ၀က ငယ်ငယ်ရွယ်ရွယ်နဲ့ သူများရဲ့ လင်ကို ယူခဲ့မိလို့
မျက်နှာငယ်ရပါပြီ…ဦးနဲ့ ညီမ အသက်ကလဲ သမီးနဲ့ အဖေအရွယ်ဆိုတော့ …တွေ့တဲ့
မြင်တဲ့သူတွေက…မေးငေါ့ကြတာပေါ့…။ သမီးကို သနားပါ ဦးရယ်နော်….”
ဦးရွှေဝင်းသည် ရင်ခွင်ထဲမှ ချစ်စုမကို ဆက်ကနဲ တွန်းလွှတ်၍ ဟားတိုက်ရယ်မော
ပြောဆိုနေပါသည်။“ ဟားဟားဟား ချစ်စုမရယ်…မင်းပဲ ကျမကို “ သမီး” လို့
မခေါ်ပါနဲ့၊ ညီမလို့ ခေါ်ပါဆို သမီးကို သနားပါ ဖြစ်လာပြန်ပြီ၊ ဦးက ချစ်စုမ
ညီမလေးကို တစ်ကယ်သနားလို့ တကယ်ချစ်လို့..ဖြစ်ချင်ရာဖြစ် မိသားစု၊
သား/သမီးတွေနဲ့ မယားကိုထားခဲ့ပြီး အချစ်ဘ၀သစ် တည်ထောင်ခဲ့တာပါ ကလေးရယ်…”
ချစ်စုမသည် ဦးရွှေဝင်း တွန်းလွှတ်လိုက်၍ ကုတင်တစ်ဖက်စွန်းမှာ ကွေးကွေးကလေး
ခွေနေပြီး မျက်ရည်တွေ ယိုစီးကျနေပါသည်။ မချိုပြုံးပြုံး၍ စိတ်ကောက်
စကားစစ်ထိုးနေပါတော့သည်။ သူမမှာ ငိုနေ၏။
“ဟီး..ဟီး..ဟီး ဦးမကောင်းဘူး..ညီမရဲ့ ခါးတော်တော်
နာသွားပြီ..ပြန်လျော်ပေး ခုချက်ချင်း
နှိပ်နင်းပေးရမယ်..အားအား..ကျွတ်ကျွတ် အမေရေ..အမေ့သမီးတော့ လင်ယူမိတာ
ငါးပါးမှောက်ပါပြီတော့။ ဟီးဟီး ..ဦးကို မချစ်တော့ဘူး။ အခန်းထဲက
ခုချက်ချင်းထွက်သွား..သွားဆို ..ဘာကြည့်နေတာလဲ…သွား ညီမ အနား မလာနဲ့။”
ဦးရွှေဝင်းသည် ချစ်စုမ ဘာပဲပြောပြော သူမ အနားသို့ ဇွတ်အတင်း
ကပ်သွားခဲ့ပါသည်။ မိန်းမဟူသည် ဆောင်းလေပမာညီ အတွင်းသဘောဘယ်မတည်
ပြောင်းလဲတတ်သည်။ အချစ်နှင့်ပတ်သက်လာလျှင် များသောအားဖြင့် မိန်းမများသည်
စကားကို ပြောင်းပြန်ပြောတတ်ကြ၏။ ဦးရွှေဝင်းမှာ သူဖတ်ခဲ့ဘူးသော ဆရာကြီး
ပီမိုးနင်း၏ အထက်ပါ အချစ်သျှတြ ကျမ်းစာများကို သတိရမိလာပါသည်။
“ ချစ်ဇနီးလေးရယ် ဦးကို စိတ်မဆိုး ပါနဲ့နော်၊ ညီမ အကြိုက် ဘာမဆို
အားလုံးစိတ်တိုင်းကျ နေထိုင် ပြောဆိုပါတော့မယ်” အခန်းတွင်းမှ
ဇနီးမောင်နှံအသံများ တိတ်ဆိတ်သွားပေပြီ..။ တိတ်ဆိတ်ငြိမ်သက်နေသော
အသံများအား နားစိုက်ကြည့်မည် ဆိုပါလျှင် အဓိပါယ်အမျိုးမျိုး
ဖွင့်ဆိုကြမည် မဟုတ်လား…။
********************
ဦးရွှေဝင်းနှင့် ချစ်စုမတို့ ဇနီးမောင်နှံသည် သရက်မြို့တွင်
ပေါင်းသင်းဆက်ဆံ နေထိုင်လာခဲ့သည်မှာ (၁)ကျော်ကြာလာခဲ့ပေပြီ၊
ဦးရွှေဝင်းမှာ အသက်(၅၀)ကျော်လာသောအခါ အရာရာ
စိတ်သွားတိုင်းကိုယ်မပါနိုင်တော့ပေ။ ယခင်က သူများတကာနှင့် ဇနီးကြီးအပေါ်
လက်ညှိုးထိုး၍ စေခိုင်းခဲ့ပြီး အဆင်မပြေလျှင် ဒေါသအလွန်ကြီးခဲ့ပါသည်။
ယခုအခါ ဦးရွှေဝင်းမှာ ချစ်ဇနီးငယ်ကလေး၏ လက်ညှိုးညွှန်ရာ ကပြာကရာ ကိစ္စ
အ၀၀ကို ဆောင်ရွက်နေရပေပြီ။ ချစ်ဇနီးငယ်၏ အလိုကျ မဆောင်ရွက်နိုင်သောအခါ
မယားငယ် ကလေး၏ နှုတ်ခမ်း ဓါး စူးစူးဖြင့် ရင်ဘတ်ကြီးကို ထိုးမွှေ
ခံရပေတော့သည်။
ယခင်က အလွန်ကြီးခဲ့သော ဦးရွှေဝင်း၏ ဒေါသအိုးကြီးသည် မယားငယ်ကလေး၏
ခြေဖနောင့်အောက်သို့ ပြားပြားဝပ် ကြေမွ၍ သွားပေပြီ..။ တစ်ဘက်အိမ်မှ
အသံကျယ်လောင်စွာဖြင့် ကက်စက်ဖွင့်သံမှာ ဦးရွှေဝင်းအား သရော်
လှောင်ပြောင်နေသလား ထင်မှတ်ရပါ၏။ (အငယ်လေးကို ချစ်ရင် ဒုက္ခ..) ၂ ငါးပါး
မှောက်လိမ့်မယ်…။
“ အိမ်ရှင်တို့..အိမ်ရှင်တို့…ဘယ်သူမှ မရှိကြဘူးလား…. ချစ်စုမ နာမည်နဲ့
စာပါလာတယ်..ထွက်ပြီး လက်ခံပေးကြပါ” အိမ်ရှေ့မှ စာပို့သမား အော်သံကြောင့်
ချစ်စုမ အပြေးအလွှား ထွက်ယူလိုက်ပါသည်။ စာအိတ်ပေါ်က လက်ရေးကြည့်၍ ချစ်စုမ
ပြုံးစိစိ ဖြစ်နေ၏။ အိပ်ခန်းအတွင်းမှ အိပ်နေသော ဦးရွှေဝင်းကို
တစ်ချက်လှည့်ကြည့်ပြီး စာဖတ်ရန် အိမ်သာထဲသို့ သွားပါတော့သည်။
***********************
ဦးရွှေဝင်းသည် ချစ်စုမနှင့် စတင်ပေါင်းစဉ်ကတည်းက ပါလာသော ငွေများကို
ချစ်စုမထံ အပ်နှံထားသည်။ လုပ်ငန်းငွေစာရင်းများကိုလည်း ချစ်စုမ
ကိုင်ထား၏။ သစ်ဝါးနှင့် ထော်လာဂျီ လုပ်ငန်းကိုလည်း သူ၏ သူငယ်ချင်းဖြစ်သူ
ကိုခင်မောင်ကြည်အား ဦးဆောင်ခိုင်းထားပေသည်။ လုပ်ငန်းမှာ တိုးတက်မလာဘဲ
ပေးရန် ကြွေးစာရင်းများသာ များ၍ လာ၏။ ဦးရွှေဝင်းသည် အိပ်တစ်ဝက် ၊
နိုးတစ်ဝက်ဖြင့် အတွေးဝင်္ကပါ ချာချာလည်အောင် စဉ်းစားနေပေတော့သည်။ မနေ့က
ဦးရွှေဝင်းနှင့် သူ၏ သားကြီး မောင်ထိပ်တင်တို့ ဖုန်းဆက်ပြောဆိုကြ၍
အိမ်မှသတင်းများကို စိတ်မကောင်းစွာ ကြားသိခဲ့ရပြန်ပေသည်။ မယားကြီး
ဒေါ်ဌေးကြည်မှာ အိပ်ယာထဲမှာ ဘုန်းဘုန်းလဲနေပေပြီ..။ သမီးကြီး ဂျမ်းထော်မှာ
ဘွဲ့ယူပြီး၍ ယောက်ျားယူတော့မှာဖြစ်ကြောင်း၊ ဘွဲ့နှင်းသဘင် တက်ယူသည့်နေ့က
သူများတွေမျာ မိစုံ ဖစုံတွေနဲ့ ဓါတ်ပုံရိုက်နေကြတာကို ကြည့်ပြီး
ကျန်ခဲ့တဲ့ သားအမိ သုံးယောက်မှာ တစ်ယောက်ကို တစ်ယောက် ဖက်၍ ငိုပွဲ
ဆင်ခဲ့ကြရ၏။ နောက်(၆)လကြာလျှင် သမီးကြီး၏ လက်ထပ်ပွဲ လုပ်မှာဖြစ်ကြောင်း
သားကြီးမှ ငိုသံပါနှင့် ပြောကြားတာကို ပြန်၍ ကြားယောင်နေမိပေတော့သည်။
“ အဖေ၊ အဖေ မရှိတော့လည်း စီးပွားရေး ကိစ္စတွေကို အဖေ သင်ထားခဲ့တဲ့
ပညာတွေနဲ့ ရှာဖွေနိုင်ခဲ့ပါတယ်..။ ဒါပေမယ့် အဖေရယ် အစားထိုးလို့
မရနိုင်တာက လူမှုရေး နယ်ပယ်ထဲမှာ “ အဖေ” ဆိုတာ ဘာနဲ့မှ အစားထိုးလို့
မရပါဘူး အဖေရယ်…”
ဦးရွှေဝင်းသည် သူ၏ သားဖုန်းဆက်၍ ပြောစကားများကို ပြန်လည် ကြားယောင်မိပြီး
သက်ပြင်းအခါခါ ချနေမိ၏။ သမီး၏ မင်္ဂလာဆောင်တွင် အဖေမလာနိုင်၍
မျက်နှာငယ်ရမည့် အဖြစ်များအား တဆက်တည်း စဉ်းစားလာမိပြန်ပါသည်။
ဇနီးကြီးကလည်း လုံးဝ လက်ခံမည် မဟုတ်ပေ။ သမီးကလည်း အမေ့ထက် စိတ်ကကြီး၏။
“ အဖေ၊ သမီးတို့ကို မချစ်လို့ ပစ်သွားတာကို အမေက ခွင့်လွှတ်နိုင်ပေမယ့်
သမီးက ခွင့်မလွှတ်နိုင်ဘူး အဖေ…”
သမီးကြီး၏ နောက်ဆုံး ပြောစကားကြောင့် ဦးရွှေဝင်းမှာ သမီး၏ မင်္ဂလာဆောင်သို့
သွားရန် တွန့်ဆုတ်နေပါသည်။
“ ဦး..ဦးရေ ခေါ်နေတာ မကြားဘူးလား…ဦးရွှေဝင်းရှင့်၊ ဒီလောက် ခေါ်နေတာတောင်
မကြားဘူး၊ ဘာတွေများ စဉ်းစားပြီး မှန်မှန်ပြောစမ်း၊ ညီမကို ကျော်ပြီး
ဦးရဲ့ မိသားစုကို သတိရနေတာ မဟုတ်လား…။”
ဦးရွှေဝင်းသည် ချစ်စုမ သူ၏ အနားသို့ ရောက်လာတာကို အမှန်မသိလိုက်ပါ၊
ချစ်စုမ ဆောင့်၍ အော်လိုက်သံကြောင့် ရုတ်တရက် လန့်သွားပါသည်။ သူရဲ့
နားထဲတွင် မကြားဘူးသော စကားတစ်ခွန်းကြောင့် ရင်ထဲတွင် အောင့်သက်သက်
ဖြစ်သွားမိပါသည်။ ချစ်စုမ တစ်ကြိမ် တစ်ခါမျှ မခေါ် ဘူးသော ခေါ်သံမှာ “
ဦးရွှေဝင်း” တဲ့။
“ ဟော ..ဦးရေ…အစ်ကိုကြီးရေ…ညီမရဲ့ လင်တော်မောင်ကြီးရေ…ညီမကို ဘာလို့
ပြူးကြည့်နေတာလဲ…”
ချစ်စုမသည် သူမအား မျက်ထောင့်နီကြီးနှင့် စိတ်ဆိုးသွားသော အမူအယာကို
ချက်ချင်း သိလိုက်ပါသည်။ ထို့ကြောင့် မိန်းမတို့၏ တင်္ခဏုပတ္တိညာဏ်ဖြင့်
ဒေါသသံမှ ချက်ချင်း တဏှာသံသို့ ပြောင်း၍ ချိုသာစွာ ဆိုလိုက်ပါတော့၏။
ပြောပြောဆိုဆိုနှင့် ချစ်စုမသည် ဦးရွှေဝင်း အနားသို့ ကပ်၍ ကပ်၍
တိုးလာခဲ့ပြီး ဦးရွှေဝင်း၏ ပါးနှစ်ဖက်ကို မွှေးမွှေး ပေးလိုက်ပါသည်။ သူမ၏
လက်နှစ်ဖက်ဖြင့် ဦးရွှေဝင်း၏ ရွှေလည်တိုင် ကြီးအား ရီးလေခိုစီး
လိုက်ပါသည်။ သူမ၏ ရယ်သံမှာ…လေထဲတွင် ပျံ့လွင့်သွားပေသည်။ ဦးရွှေဝင်းသည်
ချစ်စုမ၏ သာယာမှု ရေအလျဉ်ကြောတွင် မျှောပါသွားပေပြီ…ယောက်ျား မိန်းမ
သတ္တ၀ါဟူ သမျှသည် သာယာမှု ထွက်ပေါက်ကို လိုလား တောင့်တခြင်းမှာ သဘာဝ တရား
မဟုတ်ပါလား…။
********************************
ဦးရွှေဝင်းသည် မနေ့ ကချစ်စုမထံသို့ အမှတ်တမဲ့“ ဦးရွှေဝင်း ” ဆိုသော ခေါ်သံ
စကားတစ်လုံးကြောင့် ယနေ့မှ စ၍ အချိုးပြောင်းပြီး လက်ဘက်ရည်ဆိုင်သို့
ထွက်ထိုင်ခဲ့၏။ သရက်မြို့တွင် နေထိုင်ခဲ့သော တစ်နှစ်ခွဲ ကာလအတွင်း
ပထမဆုံးအကြိမ် လက်ဘက်ရည် ဆိုင်သို့ ထွက်ထိုင်ခြင်း ဖြစ်ပါသည်။ အပြင်သို့
မထွက်ခြင်းမှာ ဦးရွှေဝင်းသည် သမီးအရွယ် ချစ်စုမသည် သမီးအရွယ် ဇနီးငယ်
ဖြစ်နေ၍( သားအဖဟု ထင်မှတ်နေကြပါသည်။) ချစ်စုမ အပြင်ထွက်ရင်လည်း
ဦးရွှေဝင်းကို ခေါ်လေ့ခေါ်ထ မရှိပါ။ တစ်ခါ တစ်ရံ ကျန်းမာရေးအတွက် ဆေးခန်း၊
ဆေးရုံသို့သာ သူတို့ နှစ်ဦးတည်း ထွက်ကြ၏။ ချစ်စုမ အပြင်သို့
အလုပ်ကိစ္စဖြင့် ထွက်လျှင် အိမ်ဖော် ထမင်းချက် ကောင်မလေးနှင့်
ကိုခင်မောင်ကြည်တို့ အမြဲလိုက်ပါကြ၏။ အိမ်တွင် ထမင်းချက်
ကောင်မလေးများမှာ ငါးလ တစ်ကြိမ် ပြောင်းလည်း ခိုင်းစေပါသည်။ အ ကြောင်းမှာ
ချစ်စုမက သူ၏ ယောက်ျား ဦးရွှေဝင်းနှင့် မသင်္ကာတိုင်း ပြောင်း၍
ခန့်ထားခြင်း ဖြစ်ပါသည်။ ဦးရွှေဝင်းသည် ချစ်စုမ အကြောင်း စေ့စေ့စပ်စပ်
တွေးတောနေရင်း မနေ့က မူပြောင်းသွားသော ချစ်စုမကို ပြန်လည်ဒေါပွ
နေမိပြန်၏။ ( ဦးရေ..အစ်ကိုကြီးရေ …ခေါ်နေရာမှ “ ဒီမှာ ဦးရွှေဝင်း” ဆိုသော
စကားကြောင့်) ဇနီးငယ်ငယ်လေးနှင့် ထာဝရ အချစ်ဖြင့် အိပ်မောကျနေခဲ့သော
ဦးရွှေဝင်းမှာ အချစ်အိပ်ယာထဲမှ လန့်၍ တစ်ရေးနိုးခဲ့ပေပြီ..။
လက်ဘက်ရည်ဆိုင်အတွင်း တစ်နေရာမှ စကားဝိုင်း တစ်ခုကြောင့် ဦးရွှေဝင်းအား
ချစ်စုမ သစ္စာဖောက်သော သတင်း အစအန ကြားသိခဲ့ရပေပြီ..။ တစ်ဖက်စကားဝိုင်းမှ
ချစ်စုမ၏ သတင်းများကို ဦးရွှေဝင်း ပြန်လည် စုစည်း စဉ်းစား
နားထောင်လိုက်သောအခါ..
ချစ်စုမသည် သူ၏ ငယ်ရည်းစားများနှင့် ပြန်လည် ဆက်သွယ်နေ၏။
လူချင်းမတွေ့ရသော်လည်း စာဖြင့် ဆက်သွယ်နေပါသည်။ မောင်စိုးနိုင်၊
မောင်အောင်မိုးနှင့် မောင်ဝင်းမင်းတို့ထံမှ စာများ မကြာ မကြာ
ရောက်လာတတ်ပါသည်။
ချစ်စုမသည် အပျိုဘ၀က စိတ်ဓါတ်အတိုင်း အိမ်ထောင်သည် ဘ၀အထိ သယ်ဆောင်လာခြင်း
ဖြစ်ပါသည်။ ၀ါသနာ ဗီဇကို မဖျောက်နိုင်ကြောင်း သူမ၏ လုပ်ရပ်များက သက်သေ
ခံနေပါသည်။လွတ်လပ်သော ဘ၀တွင် အပျော်နေခဲ့မိသော အကျင့်သည် အိမ်ထောင်သည်
ဘ၀သို့ ရောက်သောအခါ…လူလည်းပျက်၊ စီးပွားရေးလည်း တစတစ ယုတ်လျော့ ပျက်စီး၍
လာပေပြီ။
ပိုမို၍ ဆိုးရွားသော လုပ်ရက် တစ်ခုမှာ ချစ်စုမ ဦးနှောက်မဲ့ နေပေ၏။
မောင်ဝင်းမင်းထံ သို့ ချစ်စုမသည် စီးပွားရေးလုပ်ငန်းမှ ငွေများအား
ဦးရွှေဝင်းမသိအောင် ခိုးယူပေးခြင်း ဖြစ်ပါသည်။ မောင်ဝင်းမင်းသည် ယခင်က
လုပ်နေကျအတိုင်း နှစ်လုံးထီရောင်းခြင်း၊ ထိုးခြင်းဖြင့် ချစ်စုမ
ပေးပို့သော ငွေများသုံး၍ မြေလတ်မြို့မှာ ပျော်ပါးသောက်စားနေ၏။ မကြာသော
ကာလအတွင်း မောင်ဝင်းမင်းသည် လောင်းကစားမှုနှင့် အဖမ်းခံရပါသည်။ အမှုအတွက်
ငွေလိုနေ၍ ချစ်စုမထံသို့ မကြာမကြာ စာရေးပြီး တောင်းရ၏။ လောကကြီးသည်
ကိုယ်ပြုသောကံကို ကိုယ်သာခံရမြဲဖြစ်ပါသည်။ မောင်ဝင်းမင်းသည်
လောင်းကစားမှုဖြင့် ထောင်ဒဏ်(၂)နှစ်တိတိ အချခံလိုက်ရပါတော့၏။ သရက်မြို့
ထောင်သို့ ရောက်သောအခါ ချစ်စုမက ထောင်ဝင်စာ သွား၍ တွေ့ပါသည်။
လူမိုက်အားပေး မုဆိုးတစ်ပိုင်း မိန်းမရိုင်း။ သူခိုး
ဓါးရိုးကမ်းနေသောချစ်စုမသညဖျတ်ဖျတ်လူး အပူသည်ယောင်ဆောင်ပြနေသည်။
“မောင် ..ဘာမှအားငယ်မနေပါနဲ့၊ ဒီမြို့မှာ…ညီမ တစ်ယောက်လုံးရှိနေတာပဲ၊
ထောင်ထဲမှာ ..ကောင်းကောင်းနေရအောင်၊ စားရအောင်၊ ညီမ (၇ ရက်
တစ်ကြိမ်လာပြီး စီစဉ်ဆောင်ရွက်ပေးပါမယ်…၊ အားငယ်မနေနဲ့နော်..။”
“ မလာခဲ့ပါနဲ့တော့… ချစ်စုမရယ်…။ ကိုယ့်အပြစ်နဲ့ကိုယ်သာ
ရှိပါစေတော့ကွာ…၊ ညီမရဲ့ ယောက်ျားကြီး ဦးရွှေဝင်း သိသွားရင်…ညီမတို့
အိမ်ထောင်ရေး ကွဲသွားပါ့မယ်…။ ကိုယ့်ဆီကို
မလာခဲ့ပါနဲ့တော့ကွာ…ပြန်တော့နော်…ဟိုမှာ အစောင့်တွေက ဒို့နှစ်ယောက်ကို
ဝိုင်းကြည့်နေကြပြီ..။ သွားပါတော့ ချစ်စုမရေ…နော်…နော်”
လက်ဘက်ရည်ဆိုင်အတွင်းမှ ပြောပြနေသော စကားဝိုင်းသည် ဦးရွှေဝင်းအတွက်
နားထဲသို့ သံရည်ပူများ လောင်းထည့်နေသလား ထင်မှတ်ရတော့၏။ ဦးရွှေဝင်းသည်
ရှက်လွန်းအားကြီး၍ မျက်နှာကြီး တစ်ခုလုံးနီမြန်းနေပေပြီ..။
************************
ဒီကိစ္စ ဘယ်ကစပြီး ဘယ်လိုကိုင်တွယ် ဖြေရှင်းရမည်လဲ…စဉ်းစားရင်းမှ
ထွက်ပေါ်လာသော ဒေါသများကို ရင်ဝယ်မြိုသိပ်၍ ဆိုင်ထဲမှ
ထွက်လာခဲ့ပါတော့သည်။အိမ်ကို တန်း၍ မပြန်သေးဘဲ ကမ်းနားလမ်းသို့
စိတ်ကုန်လက်ပန်းချပြီး တစ်လှမ်းချင်း လျှောက်လှမ်းလာခဲ့၏။
ကမ်းနားလမ်းတွင် ရှိသော သရက်မြို့၏ တန်ခိုးကြီး ဆုတောင်းပြည့်
ဘုရားဝိုင်း အတွင်းသို့ ၀င်ရောက်လာခဲ့ပါသည်။ ဘုရားရင်ပြင်တွင် ဒူးထောက်
လက်အုပ်ချီလျှက် ရင်တွင်းမှ သောက အပူများကို သက်ပြင်း ရှည်နှင့်အတူ
မှုတ်ထုတ်လိုက်ပါသည်။
“ ဘုရား တပည့်တော်သည်… ကိုယ့်ကျင့်တရားပျက်၍ ချစ်စုမ ဇနီးငယ်ငယ်လေးကို
ယူခဲ့မိပါသည်။ ၀ဋ်ကြွေးရှိပါက ဒီဘ၀ဒီမျှနှင့်ပေးဆပ်ရလို၏..ရှင်ဘုရား…”
ဘုရားတန်စောင်အပေါ်မှ ခိုမိသားစု တစ်အုပ်သည် ဦးရွှေဝင်း၏ အသံထွက်၍
ဆုတောင်းသံကြောင့် လန့်ပြီး“ ဖြန်းကနဲ“ ထ၍ ပြန်သွားကြပေတော့သည်….။
ဦးရွှေဝင်းသည် မှောင်စပျိုးသော အချိန်မှ အိမ်သို့ ပြန်ရောက်လာ၏။
အိမ်အတွင်းသို့ ၀င်လိုက်မိသောအခါ…အသင့်စောင့်နေကြသော ဧည့်သည်သုံးဦးကို
တွေ့လိုက်ရသည်။ ဦးရွှေဝင်းသည် သူတို့အား မြင်တာနှင့် ကြက်သေ သေ၍
ကျောက်ဆစ် ရုပ်ကဲ့သို့ ရပ်ကြည့်နေမိ၏။ သူတို့မှာ…ချစ်စုမ၏ အဖေနှင့်အဖေ၊
ချစ်စုမ၏ အစ်မ တစ်ဦးတို့ ဖြစ်ကြပါသည်။ ချစ်စုမ၏ အမေမှာ ထိုင်နေရာမှ
မတ်တတ်ရပ်၍ ကျောက်ရုပ်ဖြစ်နေသော ဦးရွှေဝင်းအနားသို့ ကပ်လာပြီး
စကားဆိုရန်တွေ့ပါတော့သည်။
“ လူကြီးမင်း…ဦးရွှေဝင်း…….ကျမတို့ကို မြင်တွေ့လိုက်လို့ ကြောက်လန့်ပြီး
ကျောက်ရုပ် ဖြစ်မသွားပါနဲ့ …ရှင်ဟာ ..တော်တော်ကို လူကြီး လူကောင်း
မဆန်တဲ့ လူပဲ..။ ကလေးကို မုန့်ပေးပြီး ခိုးယူ ဇနီးလုပ်လိုက်တာပေါ့။
ကျမရဲ့ သမီးလေး ချစ်စုမဟာ ..ရှင့်သမီးထက်တောင် အသက်က ငယ်ပါသေးတယ်..။
ရက်စက်လိုက်တာရှင်..။ ဒီမှာကြည့် သူရေးပေးခဲ့တဲ့စာ…”။
သို့ /
“ အဖေနှင့် အမေ…ကျမရဲ့ ချစ်သူ ၀င်းမင်းဆိုသော ကောင်ကလေးနဲ့ ယနေ့ စာမေးပွဲ
အပြီး ခိုးရာသို့ လိုက်သွားပါပြီ..။ သမီးကို ခွင့်လွှတ်ပေးကြပါ။…”
သမီးမိုက်
“သူရေးထားခဲ့တဲ့ စာအတိုင်း ရွယ်တူ ကောင်လေးနဲ့ အိမ်ထောင်ပြုသွားတယ်
ဆိုပြီး ကျမတို့ မိသားစု စိတ်အေးနေကြတာ၊ ယခုတော့မှ သူက အကြောင်းစုံ
ရင်ဖွင့်ပြီးခေါ်တော့ ဦးရွှေဝင်း လူယုတ်မာကြီးက ကြားမှ ဖြတ်ခိုးယူပြီး
ပေါင်းသင်းဆက်ဆံနေတာ…သိရလို့၊ ကျမတို့ လိုက်လာခဲ့ရတာ… ကဲ ရှင် ဘာတွေ
ငိုင်ပြီး နေတာလဲ၊ ကျမရဲ့ သမီး ချစ်စုမကို ခေါ်ပေးပါ..။
ရှင်နဲ့…မပေါင်းချင်တော့လို့ သူရေးပို့လိုက်တဲ့စ…စာကို…ရော့ ဒီမှာ
ဖတ်ကြည့်စမ်းပါ…”
ဦးရွှေဝင်းသည် သူ၏ ရှေ့တွင် ရန်တွေ့၍ ပြောကြားနေသော ချစ်စုမရဲ့ အမေ
ထိုးပေးတဲ့ စာအိတ်ကို လှမ်းယူလိုက်၏။ လက်များ တုန်ရီစွာဖြင့် ချစ်စုမ၏
စာကို ဖတ်လိုက်ပါတော့သည်။

သို့/
အဖေနှင့်အမေ…သမီးမိုက် ရောက်ရာ အရပ်က စာရေးဆက်သွယ်လိုက်ပါတယ်..။ သမီးမှာ
အဖေတို့ထံ စာရေးထားခဲ့တဲ့ ၀င်းမင်းနဲ့ ပေါင်းသင်းဆက်ဆံနေရခြင်း
မဟုတ်ပါ…။အမေတို့ လုံးဝ မယူစေချင် မဖြစ်စေလိုတဲ့ အဖေအရွယ် ဦးရွှေဝင်းနဲ့
ပေါင်းသင်း ဆက်ဆံနေရပါတယ်..။ ဒီလူကြီးက သမီးစာမေးပွဲပြီးတဲ့နေပမှာ
ကားတစ်စီးလွှတ်ပြီး ၀င်းမင်းက ခေါ်ခိုင်းလိုက်တာ ဆို၍ သမီးယုံကြည်စွာ
လိုက်ခဲ့မိလို့ သူများ၏ မယားငယ် ဘ၀ကို ရောက်နေခဲ့ရပါပြီ..။ သမီး တစ်နေ့မှ
စိတ်မချမ်းသာရပါဘူး အမေရယ်။ ဒါကြောင့် ဒီစာ ရတာနဲ့ သမီးကို အမြန်ဆုံးလာ၍
ခေါ်ပေးစေလိုပါတယ်…။ သမီးရဲ့ ရည်းစား ၀င်းမင်းကလည်း သဘောထားကြီးစွာနဲ့
ပြန်ပြီး လက်ခံမယ်လို့ စာရေးထားပါတယ်…။ ဒီလူကြီးကို ကြောက်လို့
တစ်နှစ်ကျော် ပေါင်းသင်းနေရပြီး အမေတို့နဲ့ အဆက်အသွယ်
ပြတ်ခဲ့ရတာပါ။..။သမီးနဲ့သူ ယခုအချိန်အထိ တရားဝင် လက်ထပ်စာချုပ်
မလုပ်ခဲ့ကြသေးပါ..။ ဒီအချက်ကို ထောက်ပြီးအမေရယ်၊ အစ်မရယ်…လိုက်လာခဲ့ပြီး
သမီးကို ချက်ချင်း ဆက်ဆက်လာခေါ်ပေးကြပါနော်..။ သမီးမိုက်ကို
ကယ်တင်ပေးကြပါ… ခွင့်လွှတ်သနားကြပါ..။ သမီး မျှော်နေမယ်နော်..။
ဝေးမြေမှ..ဒုက္ခသည် ချစ်စုမ..။
လိပ်စာ-
ချစ်စုမ (၀ါးသက္ကယ် ရောင်းဝယ်ရေး ပွဲရုံ အလယ်ရယ်၊ သရက်မြို့။)
ဦးရွှေဝင်း တစ်ယောက် ဒီစာကို ဖတ်ပြီး ကမ္ဘာကြီး ချာချာလည်သွားသကဲ့သို့
ခံစားလိုက်မိပါသည်။ ကျောက်ရုပ်မှ ချက်ချင်း အရက်မူးသမားအသွင်သို့
ပြောင်းသွားခဲ့ပါသည်။ တစ်နှစ်ကျော် ချစ်စုမ၏ ခြေဖ၀ါးအောက် ပိပြားနေခဲ့သော
ဦးရွှေဝင်း၏ ဒေါသအိုးကြီးသည် နာကြီးပြင်းထန်၍ ပေါက်ကွဲ
ထွက်ပေါ်လာပေတော့သည်။ အရပ်ထဲမှာ တစ်ခါမျှ အသံကျယ်လောင်စွာ မကြားခဲ့ရသော
ဦးရွှေဝင်းသည်…
“ ချစ်စုမ..ချစ်စုမ..ခုချက်ချင်းထွက်ခဲ့စမ်းဟေ့..ချစ်စုမ ငါခေါ်နေတာ
မကြားဖူးလား..ခုချက်ချင်း ထွက်ခဲ့.. ချစ်စုမ..ဟေ့.. ဟေ့ ငါခေါ်နေတယ်…။”
တစ်ရပ်ကွက်လုံးဆီသို့ ဦးရွှေဝင်း၏ အသံသည် ပြန်လွင့်ကျယ်လောင်သွားပါသည်။
အိမ်နီးနားချင်းများက ထွက်၍ ကြည့်နေကြပေ၏။ အိမ်နောက် မီးဖိုဆောင်ထဲမှ
ထမင်း ချက်သော ကောင်မလေး မျက်စိမျက်နှာပျက်စွာဖြင့် ပြေးထွက်လာပါသည်။
တစ်ခါမျှ ဒေါသသံနှင့် မပြောခဲ့ဘူးသော ဦးရွှေဝင်းအားကြည့်၍ သူငယ်မ
ကြောက်ဒူးများ တစ်ဆပ်ဆပ် တုန်ရီနေပါသည်။
“ ဆရာ..ဆရာ..အစ်မ..အစ်မ မရှိပါဘူးဆရာ.ကျမ ကျမနဲ့အတူ သူ့ရဲ့ သူငယ်ချင်း
တစ်ယောက်ကို သရက်ထောင်မှာ တွေ့စရာရှိလို့ဆို သွားခဲ့ကြပါတယ်..။ အပြန်မှာ
ဂျစ်ကား တစ်စီးနဲ့ လူတစ်ယောက်ကို တွေ့ပါတယ်ဆရာ..ကားကို ခေတ္တရပ်ပြီး
သူတို့နှစ်ဦးကပ်ပြီး စကားတိုးတိုးပြောကြပါတယ်..။ ကျမကို
သွားနှင့်လို့ပြောပြီး ရှေ့နားက စောင့်ခိုင်းပါတယ်..။တော်တော်ကြာတော့
အစ်မက ကားပေါ်တက်ပြီး ကားမှာ ဒလကြမ်း မောင်းထွက်သွားပါတယ်…ဆရာ။”
ဒေါသအိုး ပေါက်ကွဲခဲ့ကြသော ဦးရွှေဝင်းနှင့် ချစ်စုမ၏ အမေ၊ အဖေတို့သည်
ကလေးမ၏ ပြောစကားသံများကြောင့်…ပါးစပ် ဟောင်းလောင်ဖြစ်၍ ဒေါသဆီမှ
သောကဆီသို့ ဦးတည်ကြရပေတော့သည်။ ဒီည တစ်ည မတည့် အတူနေရ၊
သမက်နှင့်ယောက်ခမတစ်စု သောကကို ကိုယ်စီ ရင်ဝယ်ပိုက်၍
နံနက်မိုးသောက်အလင်းသို့ ရောက်ခဲ့ကြပေပြီ..။ ချစ်စုမ အကြောင်း မကောင်း
သတင်းမှာ သရက်မြို့အတွင်း ပျံ့နှံ့၍ ထွက်ပေါ်လာပါသည်။
**********************************
ချစ်စုမသည် လက်ရှိယောက်ျားကြီးအား ပစ်ထားခဲ့၍ အိမ်မှ ရှိသမျှ ငွေများ
လက်ဝတ်ရတနာများကို ယူဆောင်ပြီးနောက် လင်ငယ်တစ်ယောက်နှင့် လိုက်ပါ သွားလေ
သည်။ အိမ်မှ ဂျစ်ကားကိုပါ မင်္ဂလာလက်ဆောင်အဖြစ် ယူသွား၏။ မည်သူနှင့် ခိုးရာ
လိုက်သွားကြောင်းကို ရပ်ကွက်အတွင်းမှ သို့လော…သို့လော ထင်ကြေးပေးကြယုံက
လွဲ၍ အတိအကျ မသိရသေးပါ။။ ချစ်စုမ၏ မိဘများမှာ…ဦးရွှေဝင်းအား တရားစွဲဆို၍
ထောင်ချမည်၊ သမီးကို ပြန်ခေါ်ခဲ့မည်။ စသည့်..စသည့်..သူတို့အားခဲ၍
လာခဲ့သမျှ ချစ်စုမ၏ လုပ်ရက်ကြောင့် အရှက်တကွဲ အကျိုးနဲ့နှင့်
ပြန်ပြေးသွားကြလေသည်။
ဦးရွှေဝင်းမှာ ဘယ်သူမပြု၊ မိမိအမှု ဆိုရမလား…ချစ်စုမဆိုတဲ့ အငယ်လေးကို
ချစ်ခဲ့မိလို့..ခံစားခဲ့ရတဲ့ ကြည်နူးသာယာမှုများ ချစ်စုမရဲ့
ယုံတမ်းစကားများ တွတ်တီးတွတ်တာ အပလီ၊ အပလာ နွဲ့ဆိုးများအား တစ်စိမ့်စိမ့်
ပြန်လည်တွေး၍ ရှက်ပြုံး ပြုံးနေပါသည်။
“ အင်း၊ သူမကောင်းတာကို သိလျှက်နဲ့ ငါ့ရဲ့ ဂုဏ်သိက္ခာ င့ါရဲ့မိသာ
တစ်စုလုံးကို ပြစ်ထားခဲ့မိတာပဲ။ သူတို့ လူငယ်တွေရဲ့ အချစ်ကို ငါက
အဟုတ်ထင် လူစွမ်းကောင်းလုပ်ပြီး ကြားဖြတ်၍ လုယူခဲ့မိတာ အခုတော့
ငါ..၀တ်လည်တော့တာပါ..။ ပြန်လို့ စဉ်းစားကြည့်မယ်ဆိုရင်တော့ ချစ်စုမက
င့ါကို တကယ်ချစ်တာမှ မဟုတ်ပဲ၊ အရွယ်ကလည်း မတူကြတော့ င့ါလို လူအိုကြီးကို
တိတ်တိတ်ပုန်း အမြှောင်ထားပြီး ဆက်ဆံနေချင်တာကိုး။ ငါကိုက ဇရာအိုအရွယ်
အသည်းချောက်ကပ်နေတာကြီးဟာ..တဏှာပို အချစ်ရူး သူငယ်ပြန်ခဲ့မိတာ..ယခုတော့
ဘာတတ်နိုင်တော့မှာလည်း ဦးရွှေဝင်း။ အချစ်ဆိုတာ မျက်စိ မပါကြပေမယ့်
တစ်ကယ်ဖြစ်သင့် ဖြစ်ထိုက်သာကို မပယ်သင့်ကြဘူး။ အချစ်ဆိုတာ စိတ်ကူးယဉ်လို့
ရကောင်းပေမယ့် တစ်ကယ်တန်း လက်တွေ့ဘ၀တွေမှာ စိတ်ကူးယဉ်ဆန်၍ မရတာ…ယခုတော့
မင်းသိပြီလား..။”
ဦးရွှေဝင်းသည် ရင်တွင်းမှ သူ့ခံစားချက်များအား သူ့ဘာသာ တစ်ယောက်တည်း
ပြောကြားနေမိပါသည်။ တစ်ဆက်တည်း သူ၏ ဘ၀ ဘယ်ဆီ ဘယ်ကမ်းသို့ လှမ်းရမည်ဟု
မတွေးတတ်တော့ပါ။ တွေး၍… မကြေမနပ်ဖြင့် ခံစားနေရခြင်းမှာ…. ချစ်စုမအိမ်က
ဂျစ်ကားနှင့် တစ်ပါတည်း ခိုးယူသွားသူအား ဦးရွှေဝင်း ညကတည်းက
သိလိုက်ပါသည်။ ထို့ကြောင့်လည်း မချိမဆန့် ခံပြင်းခံစားနေ၍ ရှက်လည်း
ရှက်လွန်းသောကြောင့် မည်သူ့ကိုမျှ ဖွင့်မပြောခြင်းပင် ဖြစ်ပါတော့၏။
လောကကြီးသည် အတုံ့အလှည့်ဆိုတာ သဘာဝရဲ့ နိယာမ တရားပေလား။ ကျေးဇူးရှိမှ
ကျေးစွတ်တတ်ကြသည်လား..။ လူယုံသတ်မှ သေမည်ဆိုသော ရှေးစကားများ သွေးထွက်
မတတ်မှန်ပါ၏။ ချစ်စုမ၏ နောက်ယူသွားကြသော လင်ငယ်ဖြစ်သူမှာ----ကျွန်တော်ရဲ့
သူငယ်ချင်း…………. ကိုခင်မောင်ကြည်သာ ဖြစ်ပါတော့သတည်း…။

စာဖတ်သူများ ၀မ်းသာ အားရတော်မူနိုင်ကြပါစေ…………………………။

ရွှေလမ်းငွေလမ်းဝင်းကြည်

၂၀၀၇ ခုနှစ်၊မတ်လထုတ်(အငယ်လေးကို ချစ်ခဲ့မိလို့ နှင့် အခြားဝထ္ထုတိုများစာအုပ်)မှ
ပြန်လည်ဆန်းသစ် တင်ပြပေးပါသည်။

Penulis : လင်းဦး(စိတ်ပညာ) ~ Sebuah blog yang menyediakan berbagai macam informasi

Artikel အငယ်လေးကို ချစ်ခဲ့မိလို့(၃) ini dipublish oleh လင်းဦး(စိတ်ပညာ) pada hari Wednesday, May 27, 2009. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 7 komentar: di postingan အငယ်လေးကို ချစ်ခဲ့မိလို့(၃)
 

7 comments:

may16 said... | May 31, 2009 at 1:11 AM

ဝတ္တုလေးကို စိတ်ဝင်တစားလာဖတ်ပါတယ်ရှင်

ဧရာဝတီသား said... | November 25, 2009 at 5:09 AM

ဦးဝင်းကြည်ရေ .. ၃ ပိုင်းလုံး တထိုင်တည်း ဖတ်သွားတယ် ခင်ဗျ။ ညွှန်းပေးတဲ့ အတွက် ကျေးဇူးပါ ခင်ဗျာ။ ကျွန်တော် ကြိုက်လွန်းလို့ ကူးယူသွား ပါတယ်။

ခင်မင်လေးစားလျက်

Anonymous said... | April 20, 2013 at 3:50 AM

ဟဟ...တော်တော်ကောင်းပါတယ်ဗျာ

koko myo said... | June 30, 2013 at 11:58 AM

တော်တော်ကောင်းတယ်

Than Htaik Aye said... | August 29, 2013 at 8:23 PM

ကျွန်ေ တ်ာအဖြစ်နဲ့ေ တာ်ေ တာ်ေ လးကို တူပါတယ် ဗျာ

Aung Win said... | January 14, 2014 at 8:51 PM

ကောင်းတယ်​ဗျာ

Maung Maung Chit said... | September 30, 2015 at 7:13 AM

ကောင်မလေးကတော်တော်လည်တယ်နော်