တုမနိုင်းသာ.....

တုမနှိုင်းသာ


ဝထ္ထုတို
ရွှေလမ်းငွေလမ်းဝင်းကြည်

(၁)

ကျုပ်ရဲ့ သမီးရဲ့ စာကို အကြိမ်ကြိမ်ဖတ်ပြီး အသဲမှာ ဓါးတစ်ရာ၊ လှံတစ်ရာနဲ့ အကြိမ်ကြိမ် အခါခါ ထိုးဆွခံနေရသလိုပါပဲဗျာ…။ ကျုပ်ဖခင် တစ်ယောက်ရဲ့ မဟာအမှားကို မိသားစုဘ၀ရဲ့ သမိုင်းမှာ စာမျက်နှာ ကျော်လှန်ပြီး ချန်ထားခဲ့လို့ ဘယ်မှာ ရမှာတဲ့လဲ။…နှစ်တွေ ကြာသွားလို့ အသဲမှာ အမာရွတ် ကြီးလာခဲ့တာ သမီးရဲ့ စာက ယနေ့အထိ ကျုပ်အမှားကို ပြန်ဆွပေးနေပါပြီ။ လွန်ခဲ့တဲ့ နှစ်(၂၀)ကျော်က ကျုပ်တို့ မိသားစုဘ၀လေးကို ပြန်တွေးမိပါတယ်။

(၂)

ကျုပ်နာမည်က “ စောသာဦး ”၊ ကျုပ်ဇနီးက “ ဒေါ်မြတ်မိုး”၊ သမီးကလေးနာမည်က “မွှေး” ပါဗျာ၊ ဘ၀ အစ သက္ကရာဇ်ကို ပြန်တွေးလိုက်တော့ ကျုပ်တို့ လင်မယားဟာ ၁၉၇၀ ခုနှစ်မှာ (စက်မှု တက္ကသိုလ်ကျောင်း)ဆင်းခဲ့ကြပါတယ်။…၁၉၇၃ ခုနှစ်---အင်ဂျင်နီယာဌာန မှာအလုပ်ကိုယ်စီရပြီ လက်ထပ်ဖြစ်ခဲ့ကြပါတယ်။ မြန်မာပြည်ရဲ့ မြေလတ်ပိုင်းဒေသ မြို့နယ်ကလေး တစ်မြို့မှာ တာဝန်ကျခဲ့ပါတယ်။ သာယာလှပတဲ့ အိမ်ထောင်ကလေး တစ်ခုကို သာယာလှပ ရိုးသားကြတဲ့ ပတ်ဝန်းကျင်မှာ တည်ဆောက်လာခဲ့ကြပါတယ်။ ချစ်စရာ ကောင်းတဲ့ မြန်မာမှု ဓလေ့ ထုံးစံ ယဉ်ကျေးမှုတွေကို အပြည့်အ၀ ခံစားကြရပါတယ်။
၁၉၈၀ ခုနှစ်လောက်မှာ သမီးကလေး “ မွှေး ” ကို အညာမှာ မွေးဖွားခဲ့ရပါတယ်။ အဲဒီ နှစ်ထဲမှာပဲ အစိုးရက ပေးတဲ့ ကိုယ်ပိုင် မြေကွက်ကလေးထဲမှာ ၀ါးအိမ်လှလှလေး တည်ဆောက်ခဲ့ပါတယ်။ စားသောက်စရာ သစ်သီးသစ်ပင် စုံလင်စွာစိုက်ပျိုးပြီးအိမ်ဝိုင်းလေးထဲမှာ မိသားစု ကမ္ဘာလေး တည်ဆောက်ခဲ့ပါတယ်။ သွားရေး၊ လာရေးအတွက်လည်း မိသားစု (၃)ဦးအတွက် စက်ဘီးကလေး တစ်စီးနဲ့ လိုရာ ခရီးကို သွားကြတယ်။ သမီးကလေး “ မွှေး ” ကို စက်ဘီးကလေးနဲ့ မူကြိုကျောင်းကို ပို့ပြီး ချစ်ဇနီး “ မြတ် ” နဲ့ ရုံးဆင်း ရုံးတက် စက်ဘီးကလေး စီးရတာ သိပ်ပျော်စရာ အကောင်းသား။ ကျုပ်က ရှေ့က စက်ဘီးကိုစီး၊ နောက်က “ မြတ် ” က ထိုင်လိုက်ရင် ကျုပ်ကျောပြင်ကို လက်သီးကလေးနဲ့ ဖွဖွလေး ထုပြီး မေးတယ်။ “ မောသလား ကိုဦးရယ်” ……တဲ့။ စိုင်းထီးဆိုင် သီချင်း အမှတ်ရပြီး ကျုပ်က “ မောတော့၊ မောတာပေါ့၊ ဒါပေမယ့် မမောဘူး” …လို့ ပြောခဲ့တယ်။ သာယာလှပတဲ့ မိသားစု ဘ၀ကလေး စိတ်ချမ်းသာလိုက်တဲ့ ဖြစ်ချင်း၊ ဘာနဲ့မှ မလဲနိုင်ပါဘူးဗျာ။
(၃)

တစ်နေ့ နံနက်က ထမင်းစားနေတုံးမှာ --အိမ်ရှေ့လမ်းမကြီးပေါ်မှာ အော်ခေါ်သံရယ်၊ ကားသံရယ် ကြားလို့ လှမ်းကြည့်မိတဲ့အခါ အိမ်ပေါက်ဝ ကို ခေတ်ပေါ် (ပါရာဒို) ကားသစ် တစ်စီးထိုးရပ်ပါတယ်။

“ ဟေ့ ဒါ--စောသာဦးနဲ့ မြတ်မိုးတို့ အိမ်လား၊” “ဟာ သူငယ်ချင်း မိုက်ကယ်သိန်း လာလာ”။
လတ်စသတ်တော့ တက္ကသိုလ်မှာ အတူတူ နေလာတဲ့ သူငယ်ချင်း မိုက်ကယ်သိန်းကို ကျုပ်နဲ့ မြတ်လဲ စားလက်စ ထမင်းကို ရပ်ပြီး အားရ၀မ်းသာ ဆီးကြို နှုတ်ဆက်ခဲ့ပါတယ်။
“ ဟေ့ မိုက်ကယ်၊ သူငယ်ချင်း လာထိုင်ကွာ” မင်း ဘယ်ကို ရောက်ပြီး ဘာတွေ လုပ်နေတာလဲ..ဘယ်ကနေ လာတာလဲ။ ဒီ သိန်းထောင်ကျောတန် ကားကြီး စီးလာတော့ ရှင်းပါဦး”
ကျုပ်က မေးခွန်း ရှည်ကြီးတွေ မေးတယ်- မိုက်ကယ် သိန်းမှာ ကျောင်းပြီးနှစ်မှာ နိုင်ငံခြားက ထွက်တယ်။ ကုမဏီ တစ်ခုမှာ အလုပ်ဝင်လုပ်ပြီး ကြီးပွားနေကြောင်း၊ ယခု မိဘများထံ လာကန်တော့ကြောင်း၊ အိမ်ထောင်မပြုသေးဘဲ မိဘကို လုပ်ကျွေးနေကြောင်း၊ ဒေါ်လာ ဘယ်၍ ဘယ်မျှ ရကြောင်း၊ မြန်မာငွေ သိန်းနှင့်ချီပြီး တစ်လတစ်လ ရရှိကြောင်းရယ်။ ကျုပ်တို့ မိသားစု ယခုလို နေတာမြင်လို့ စိတ်မကောင်းဘူးတဲ့ဗျာ..။ သူငယ်ချင်းတွေကို ကူညီမယ်။..သူအပြန် နိုင်ငံခြား အလုပ်လုပ်ဖို့ ခေါ်မယ် ကုန်ကျစရိတ် ငွေကိုသူကကျခံပေးမယ်.. အို စုံလို့ပါပဲ။
“ သူငယ်ချင်း စောသာဦးနဲ့ မြတ်- မင်းတို့ စဉ်းစားမနေနဲ့ ဒါအခွင့်အရေးပါ-ငါနောက်လ၀က်လောက်မှာ ပြန်မယ်-မြတ်ခွင့်ပြုလိုက်ပါဟာ-”။
“ သူငယ်ချင်း မိုက်ကယ်ရာ ငါယောက်ျားကိုတကယ်ခေါ်မယ်ဆိုရင်ငါ ခွင့်ပြုပါတယ်ဟာ…မိန်းမသားပဲ သူငယ်ချင်းရယ်--တိုက်နဲ့ ကားနဲ့ စိန်နားကပ်နဲ့ နေချင်တာပေါ့ဟာ..သမီးကလေး မွှေးကိုလည်း အဆင့်အတန်းမြင့်မြင့်ထားချင်ပါတယ်။ ဒါပေမယ့် ကိုဦးရဲ့ သဘောပါလေ။”
“ ကဲ ကဲ မင်းတို့ လင်မယား တိုင်ပင်ပြီး စီစဉ်ပြီးရင် ရော့ ငါ့လိပ်စာကဒ်၊ င့ါဆီကို တစ်ပါတ်ကြိုပြီး လာခဲ့ကြပေါ့နော်..။
ကျုပ်တို့ လင်မယား ထီမထိုးဘဲ ထီပေါက်တဲ့ မျက်နှာတွေနဲ့ ထွက်သွားတဲ့ (ပါရာဒို)ကားကြီးကို ငေးကြည့် ကျန်ခဲ့မိပါလေတော့တယ်…”

(၄)
ကျုပ်နဲ့ မြတ်လည်း မိုက်ကယ်သိန်း ပြောတဲ့ စကားကြောင့်ရယ်၊ ကျုပ်ကလည်း ဘ၀ကို စွန့်စားပြီး လုပ်ချင်တာရယ်ကြောင့် မြတ်ရဲ့ လိုအင်ဆန္ဒကို လိုက်လျောခဲ့ပါတယ်။ သူငယ်ချင်း မိုက်ကယ်သိန်း ကျေးဇူးကြောင့် ယနေ့ ရေပန်းစားနေကြတဲ့ နိုင်ငံခြား ထွက်တဲ့ အလုပ်နဲ့ ဒေါ်လာစားကြီး ဖြစ်နေပါပြီ။ မြတ်တို့ မိသားစု နေချင် ရောက်ချင်တဲ့ ဘ၀ဖြစ်တဲ့ တိုက်ရယ်၊ ကားရယ်၊ ရွှေရယ်၊ ငွေရယ် လိုလေသေးမရှိ ထားပေးခဲ့တယ်။ ဒါပေမယ့် ကျုပ်ကတော့ အလို မပြည့်ခဲ့ပါဘူး။ မိသားတစ်စု အမိမြန်မာပြည်မှာ နေခဲ့ရတဲ့ ဘ၀ကိုလည်း အမြဲ တမ်းတနေမိပါတယ်။ ဘယ်ရှေးဘ၀က ဘယ်ဝဋ်ကြွေးလည်း မသိပါ။ မိသားစု အသိုက်အမြုံလေး ပျက်ပြီး အမိမြန်မာပြည်နဲ့ ဝေးတဲ့ အရပ်မှာ ဘ၀ကို စတေးခံလိုက်ရပါပြီ။
အစာသာမြင်ပြီး ငါးမျှားချိတ်ကို မမြင်ခဲ့မိတဲ့ ငါးမိုက်ဘ၀၊ တံငါသည်ထောင်ထားခဲ့တဲ့မြုံဘ၀ ကျဉ်းကျဉ်းလေးထဲ ၀င်ပြီး သာယာခဲ့မိတဲ့ ငါးမိုက်ဘ၀ ပြန်မထွက်တတ် ဖြစ်ခဲ့ရပါပြီ။၊ ကျုပ်ငယ်ငယ်က ဆရာဘုန်းကြီး ဆုံးမခဲ့တဲ့ မိတ်ကောင်း ဆွေကောင်း ထင်ပြီး ဆရာပေါင်းမှားရင် ဘ၀ ပျက်တတ်သတဲ့လေ..။
ကျုပ်ဆရာ တင်ခဲ့တဲ့ မိုက်ကယ်သိန်း စေခိုင်းတဲ့ အတိုင်း အကုန်လုပ်ခဲ့တယ်။ စာချုပ်တွေ လက်မှတ်ထိုးခဲ့ရတယ်။ အလုပ်ရအောင် တစ်မျိုး၊ နိုင်ငံထဲ နေခွင့်ရအောင် တဖုံ နိုင်ငံခြားသူ တစ်ယောက်နဲ့ နားလည်မှု လက်ထပ် စာချုပ်ထိုးပေးခဲ့ရတယ်။ ယခုတော့ နှစ်စာချုပ်ပြည့်လို့ ပြန်မယ်ဆိုတော့ နိုင်ငံခြားသူ မချောက လက်ထပ်စာချုပ်ဖြင့် အပိုင် ကိုင်ပေါက်လိုက်ပါပြီ။ ကုမဏီကလည်း ကျုပ်မပြန်သာအောင် မက်လုံးပြ ဒေါ်လာ တိုးပေးတယ်။ သူငယ်ချင်းမိုက်ကယ်သိန်းလည်း ဒီကနိုင်ငံသား ဖြစ်နေပြီတဲ့။ သူ့မကယ်နိုင်-ကိုယ့်မကယ်နိုင် အကြောင်းပြန်တယ်လေ။ ဒေါ်လာမက်မိတဲ့ ကျုပ်-ကျုပ်ချစ်တဲ့ မြန်မာပြည်၊ ကျုပ်ချစ်တဲ့ မိသားစုနဲ့လည်း ရာသက်ပန် ဝေးရပြီ၊ မြန်မာမှု ၊ မြန်မာ့ဟန် မြန်မာ့ ပတ်ဝန်းကျင်တွေထဲက ချစ်ဇနီး “ မြတ်” ၊ ချစ်သမီး “ မွှေး ” တို့နဲ့ ဖေဖေ ဝေးရပါပြီ။ သမီးရဲ့ သတိတရ သတိပေးစာဟာ ဖေဖေ နောင်တရခဲ့တာ ယခုတော့နောက်ကျသွားပြီ။

(၅)

• ဟို --အဝေးဆီက သမီးငယ်ရဲ့စာ
ကဗျာကယာ ရှာဖတ်ကြည့်
အသဲမာသူ အဖေမှာ အရည်ပျော်မျက်ရည်ဝဲ
ကြေကွဲဆို့နင့်ခံစားရပြီ သမီးငယ်…….။

အို …အဖေရယ်….
အမေတော်တွေ မများလိုက်ပါနဲ့
တလောကလုံးရှာ-အဖေအစစ်ဆိုတာ အစားမရနိုင်ပါဘူး။
အိမ်ဦးခန့်က (အဟမ်း) ဆိုတဲ့
ဖေဖေရဲ့ ချောင်းဟန့်သံတွေဟာ
သမီးတို့အတွက် တကမ္ဘာလုံး ရှိသမျှ
ဘေးရန် အန္တရာယ်တွေကို
ဝေးရန် တားဆီးပေးနေခဲ့ပါပြီ။…
ဖေဖေရဲ့ (အဟမ်း) (အဟမ်း) ချောင်းဆိုးသံတွေ
ထပ်မံ ထပ်မံပြီး ဘ၀ဂ်သို့ လျှံအောင်
သမီးတို့ နားဝ မြင့်မိုရ်တောင်မက
ထာဝရ ကြားပြီး အားကိုးနေပါရစေသား…။
အို ချစ်သော ဖေဖေ…။

ကျုပ်တို့ မိသားစု ဘ၀ တစ်ခုရဲ့ သမိုင်းမှာ ပြင်မရတော့တဲ့ မဟာအမှားကြီး တစ်ခုကို ဖေဖေဘာနဲ့ အစားထိုးလဲနိုင်မှာလည်း ချစ်သမီးလေး “ မွှေး ” ရယ်…။


ရွှေလမ်းငွေလမ်းဝင်းကြည်
6-10-2009 နံနက်(၅)နာရီ ရေးသည်။
(နိုင်ငံခြားမှ သူငယ်ချင်းတစ်ယောက်အတွက်ပါ..။)

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel တုမနိုင်းသာ..... ini dipublish oleh shwelannwelanwinkyi pada hari Tuesday, June 9, 2009. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 1comments: di postingan တုမနိုင်းသာ.....
 

1 comments:

sawminnpyo said... | June 13, 2009 at 10:50 PM

အရမ်းကောင်းတယ်..နှစ်သက်ပါတယ်..နောင်လည်းလာဖတ်ဦးမယ်..