ကျွန်တော့် ၀ါသနာ....

ကျွန်တော့် ၀ါသနာ

Tag
အမြင်
ရွှေလမ်းငွေလမ်းဝင်းကြည်

လူဘ၀ဆိုသည်မှာ ၀ါသနာကိုတော့အရင်းခံကြရပါမည်။ဒါပေမဲ့ ၀ါသနာပါတာနဲ့ လက်တွေ့ဘ၀လုပ်ကိုင်နေရတာက တခြားစီဖြစ်နေကြသူတွေကများပါတယ်။
ရုပ်ရှင်ဇာတ်လမ်းတွေထဲကလို အနုပညာ ၀ါသနာရှင်အငြိမ့်မင်းသမီးတစ်ယောက် ဟာ သူဌေးသားကို ယူလိုက်တော့ သူဝါသနာပါတဲ့ အငြိမ့်မင်းသမီးဘ၀ကို စွန့်လွတ်လိုက်ရတာမျိုးပါ။
ကျွန်တော်လည်း သူလိုခံစားခဲ့ရပါတယ်..။သူလိုတော့ ကျွန်တော်က သူဌေးသမီးကို မရခဲ့ပါ။ နေစရာ စားစရာမရှိခဲ့လို့ ၀ါသနာတွေကို ကျောခိုင်း၍ ဘ၀ခရီးကြမ်းကို လျှောက်လှမ်းခဲ့ရပါတယ်..။
ကျွန်တော်ငယ်ငယ်က လေးတန်းကျောင်းသားဘ၀မှာ စုံထောက်ဖြစ်ရန် ၀ါသနာပါခဲ့ပါတယ်။ကျွန်တော်နဲ့အတူ ငယ်သူချင်း မြင့်အောင်(၀ါ)ပုပု ကလည်း ၀ါသနာတူပါပဲ။ ကွန်တော်တို့ ရွာက ဧရာဝတီမြစ်ကမ်း၏ အရှေ့ဘက်က ပခန်းငယ်ရွာပါ။ အဲဒီအချိန်က ဆင်းဖြူကျွန်း၊ ပခန်းငယ်၊ စလေ၊ ချောက်မြို့သို့ အသွားအပြန်(နေ့ချင်းပြန်) မော်တော်လိုင်းဆွဲပါတယ်။ ဧရာဝတီမြစ် ရေကြောင်းလိုင်းပါ။ ဆင်းဖြူကျွန်းကနေ နံက်(၈)နာရီကစထွက်လာတဲ့မော်တော်အဆန်ခရီးက ကျွန်တော်တို့ရွာပခန်းငယ်ဆိပ်ကမ်းကို နံနက်(၉း၃၀)နာရီမှာ ဆိုက်ကပ်ပါတယ်။ ချောက်မြို့ကနေ ညနေ(၄)နာရီ ပြန်ထွက်လာတဲ့ အစုန်မော်တော်က ကျွန်တော်တို့ ပခန်းငယ်ရွာကို ညနေ(၅း၃၀)နာရီမှာ ဆိုက်ကပ်ပါတယ်။ မော်တော်ဆိုက်ကပ်မဲ့ အချိန်တွေမှာ ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက် အဲဒီမော်တော်ပေါ်ကိုတက်ကြပါတယ်။ မြင်သမျှ၊ တွေ့သမျှလူတွေကို စူးစူးစိုက်စိုက် ကြည့်ကြပါတယ်။ မသာင်္ကာ စရာ လူတွေ့ရင်တော့ အဲဒီလူရဲ့ ပုံသဏ္ဍာန် ကို အသေးစိတ်ရေးပါတယ်။ မျက်နှာပုံက မည်သို့ မည်ပုံ။ အရပ်ကဘယ်လောက်။အ၀တ်အစားက အင်္ကျီကဘာအရောင်။ပုဆိုးက ဘာအရောင်၊စသည့်စသည့် အသေးစိတ်ရေးပြီး မှတ်သားကြပါတယ်။ မော်တော်က ဆိပ်ကမ်းကပ်ချိန် မိနစ်(၂၀)လောက် သာကြာပါတယ်။ကုန်တင်၊ကုန်ချများပါမှ(မိနစ်-၄၀)လောက်သာကြာတာပါ။အဲဒီအချိန်ကလေး အတွင်း လူတွေကို လိုက်ကြည့်ပြီးမှတ်နေကြရတာပါ။ ကျွန်တော်တို့ ခါးကြားမှာလဲ ချောက်လုံးပြူးတွေ(ကစားစရာပလပ်စတစ်) ကိုချိတ်လို့ပါ။ လူတွေမမြင်အောင် အင်္ကျီစနဲ့ဖုံးထားကြပါသေးတယ်။ မော်တော်ထွက်သွားပြီဆိုရင် ကျွန်တော်တို့ စခန်းသတ်မှတ်ထားတဲ့ ညောင်ညိုပင်ကြီးအောက်ကို သွားကြပါတယ်။ သူ မှတ်ထားတဲ့လူနဲ့ ကျွန်တော်မှတ်ထားတဲ့လူ တူနေသူတွေကို ပိုပြီးစိတ်ဝင်စားကြပါတယ်။ အဲဒီလူတွေကို ပိုပြီး သတိထားကြပါတယ်.။ ၀ါသနာကြီးကြတာကတော့ ကျွန်တော်တို့သူငယ်ချင်း နှစ်ယောက်ဟာ မော်တော်ဆိုက်ကပ်ဖို့ ဟွန်းသံရှည်ကြားတာနဲ့ ရောက်တဲ့နေရာ၊လုပ်တဲ့အလုပ်တွေကို ရပ်ပြီး၊ ကမ်းနားဆိပ်သို့ မော်တော်ဆီကို အပြေးလာကြရပါတယ်။ထမင်းစားနေရင်လည်းရပ်။ အိမ်သာတက်နေရင်လည်းရပ်။ အိမ်က အလုပ်တစ်ခုခုကို ခိုင်းထားရင်လည်း ပစ်ထားခဲ့ကြပါတယ်။
ဘာမဆို ၀ါသနာပါရင် တာဝန်ပေးစရာမလိုဘဲ တာဝန်ကို ကျေကျေပွန်ပွန်ထမ်း ဆောင်ခဲ့ကြတဲ့ ကျွန်တော်တို့ငယ်ငယ်က ဖြူစင်သန့်ရှင်းနေတဲ့စုံထောက်ဘ၀လေးကို.. တစ်ရေးရေးပြန်လည်စဉ်စားရင်း လွမ်းနေမိပါတော့သည်…။
သြော်…ကျွန်တော်တို့ငယ်ငယ်ဝါသနာပါတဲ့ စုံထောက်ဘ၀တုန်းက မည်သူ့ဆီကမျှ လာဘ်မစား၊ လာဘ်မတောင်းခဲ့ကြပါ။ ကျွန်တော်က ဘ၀ ပေးမကောင်းလို့သာ ၀ါသနာကို ကျောခိုင်းခဲ့ရပါတယ်…..။
ငယ်သူငယ်ချင်း မြင့်အောင်(ခေါ်) ပုပု မှာ ဘ၀အခြေအနေပေးလို့ မြို့နယ်အဆင့်ထိ အုပ်ချုပ်ရေးတာဝန်ထမ်းဆောင်ခဲ့ရပါတယ်။ဒါပေမဲ့.. ငယ်ငယ်တုံးကလို ၀ါသနာကိုအရင်းခံလို့ ကိုယ်ကျိုးစွန့်ပြီး ဖြူစင်သန့်ရှင်းတဲ့စုံထောက်ဘ၀လေးကို မျက် ကွယ်ပြုခဲ့မိလို့…အလုပ်ပြုတ်သွားပါပြီ။ယခုတော့ သူဟာ ကျွန်တော်တို့ရွာ..ကျွန်တော်တို့စခန်းချခဲ့ကြတဲ့ ညောင်ညိုပင်ကြီးအောက်မှာ..ဘ၀ပျက်တဲ့ အရှုးကြီးးဖြစ်နေပါပြီဗျာ…သြော်..၀ါသနာ..၀ါသနာ……..။ကျွန်တော်တို့ဝါသနာ..။

ကိုထင်လင်းအောင်နှင့် Tag မိတ်ဆွေများ ကျေနပ်တော်မူကြပါစေ…။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊ ဇွန်လ(၁၇)ရက်၊နေ့ (၁၂း၅၃) ရေး၏။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel ကျွန်တော့် ၀ါသနာ.... ini dipublish oleh shwelannwelanwinkyi pada hari Tuesday, June 16, 2009. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 1comments: di postingan ကျွန်တော့် ၀ါသနာ....
 

1 comments:

မန်းသူလေး said... | June 17, 2009 at 4:18 AM

လူ့ဘ၀ဆိုတာ ၀ါသနာနဲ့ လက်တွေ့ဘ၀ဟာ တစ်ခြားစီဖြစ်နေတတ်ကြပါတယ် ။
ဥပမာ - ဦးလွင်မိုးကိုပဲကြည့်ပါ ။
သူတကယ်ဝါသနာပါတာက ဓာတ်ပုံရိုက်ပညာပါ။
ခုသူဖြစ်နေတာက ရုပ်ရှင်မင်းသား
ဒါပေမယ့် ၀ါသနာဆိုတာ တားဆီးလို့မရဘူးလို့ မန်းသူ ထင်ပါတယ် ။
ဒါကြောင့် ဦးဦးဝင်ကြည်လည်း စုံထောက်ကြီးမဖြစ်နိုင်ဘူးလို့ ဘယ်သူပြောနိုင်လဲ ။