သိက္ခာအစားထိုး၍ ဘ၀ရေချိုးဆင်း....

သိက္ခာအစားထိုး၍ ဘ၀ ရေချိုးဆင်း

ဝထ္ထုတို
ရွှေလမ်းငွေလမ်းဝင်းကြည်

(၁)

“ အမေ သမီး အဖေ့ဆီကို ပိုက်ဆံ သွားတောင်းလိုက်အုံးမယ်နော်”
“ တောင်းမနေပါနဲ့ သမီးရယ် ညည်းအဖေက မန္တလေးမြို့ကြီးမှာဆိုတော့ ဒီကနေသွားရင် ကားခ အသွားအပြန်ကုန်မှာက ၈၀၀၀ ကျပ်၊ စားစရိတ်နဲ့ဆို တစ်သောင်းကျော်ကြီး ကုန်မှာ။ ဟိုရောက်တော့လည်း ညည်းမိထွေးငယ်ကလေးက ကြည်ဖြူမှာ မဟုတ်ဘူး။ သူများကို အားမကိုးစမ်းပါနဲ့ကွယ်။”
“ အို အမေကလည်း သူမကြည်ဖြူလည်း နေပေါ့၊ အဖေက သမီးကို အချစ်ဆုံး၊ သမီးတို့ မောင်နှမ ၄ ယောက်စရိတ်ကို တာဝန်ယူပါ့မယ်လို့ ကတိပေးထားတာပဲ။ အမေ၊ မောင်လေးနဲ့ညီမလေးတွေ ကျောင်းအပ်ရတော့မယ်၊ အမေ့ဆိုင်က ရတာနဲ့ သမီးလခ နှစ်ခု ပေါင်းရင်တောင် သူတို့ သုံးယောက်ရဲ့ ကျောင်းစရိတ် ဘယ်လောက်မှာတုံး အမေရယ်…”
ကျမပြောလိုက်တဲ့ စကားကြောင့် အမေ မျက်နှာညှိုးကျသွားပါတယ်။ အမေနှင့် အဖေသည် အိမ်ထောင်သက် (၂၀)မှာ အိမ်ထောင်ရေး ပြိုကွဲခဲ့သည်။ အဲဒီအချိန်မှာ ကျွန်မရဲ့ အသက် ၁၉ နှစ်သာ ရှိသေး။ ယခုမောင်လေးက အသက်(၁၈)နှစ် ၁၀ တန်း၊ ညီမလေးက ၁၆ နှစ် ၆ တန်းကျောင်းသူ၊ ညီမ အငယ်ဆုံးလေးက ၁၂ နှစ် ၇ တန်း ကျောင်းသူတွေပါ။ ကျောင်းသား (၃) ယောက်စရိတ်က မနည်းပါ။
အဖေ နောက်မိန်းမငယ်လေးကို ယူလိုက်ပြီဟု သိသောနေ့သည် ကျွန်မအတွက် ဒေါသ သောက မုန်တိုင်းကျသော နေ့ပါ။ အဖေနဲ့အမေ မင်္ဂလာဆောင် စုံတွဲ ရိုက်ထားသော ဓါတ်ပုံကြီးကို ရိုက်ခွဲခဲ့မိတယ်၊ မှန်များက တစ်စစီကြေမွ သွားသလို ကျမရဲ့ အသည်းနှလုံးတွေလည်း တစ်စစီ လွင့်စဉ်သွားမတတ် ခံစားလိုက်ရပါတော့တယ်။

(၂)

“ အဖေ၊ သမီးလာနေတာ၊ မြင်ရဲ့လားဟင်….”
“ ဟာ သမီးကြီး မဦး၊ ဒီလ မလာတော့ဘူးလို့ အဖေ ထင်နေတာ။ ကဲကဲ လာလာ အိမ်ထဲဝင်ခဲ့။ သမီးရဲ့ မောင်လေး ပုခက်ကို ခဏလွှဲထားလိုက်ပါဦး။ ညည်းရဲ့မိထွေး မစိန်ပိုကို လိုက်ခေါ်လိုက်အုံးမယ်”
ကျမရဲ့ အဖေဟာ ကျမ လာတာကို အထိတ်တလန့် ဖြစ်သွားပုံ ရပါတယ်။ သစ္စာဖောက်သော အဖေတွေ လိပ်ပြာ မသန့်ပုံများ ပုံကို ပျက်နေတာပဲ။ အဖေ ထွက်မသွားခင် ရင်ထဲမှ စကားတွေက ဘယ်က ဘယ်လို ထွက်သွားသည် မသိလိုက်။
နေပါအုံး အဖေရယ် မမ စိန်ပို မရှိခင် သမီး စကားအေးအေးဆေးဆေး ပြောပါရစေ။ သမီး ရောက်လာတာကို မြင်တာနဲ့ သရဲသဘက်ကို တွေ့တာ ကျနေသလို အဖေ့ပုံပန်းသဏ္ဍာန်က ပြနေတယ်။ သမီးတို့ မောင်နှမလေးယောက်ဟာ အဖေနဲ့ မွေးခဲ့တာပါ အဖေ။ အမေနဲ့ သမီးတို့ သားအမိ(၅)ယောက်ရဲ့ အသည်းနှလုံးတွေ ခြေမွ နင်းခြေစတေးပြီး အဖေနဲ့ မစိန်ပိုတို့ ပျော်နေကြတာပါ အဖေ။ အခုလည်းသမီးရဲ့ မောင်လေး၊ ညီမလေးတွေ ကျောင်းအပ်ရတော့မှာမို့ အဖေ့ဆီကို လာခဲ့ရတာပါ။ အဖေ့ကိုမြင်တိုင်း သမီးရဲ့ ရင်ထဲမှာ ၀မ်းနည်း အလုံးကြီး ဆို့ဆို့တက်ပြီး ၀မ်းနည်းရပါတယ် အဖေရယ်”
ကျွန်မ ပြောဆိုသော ရင်ထဲက စကားသံကြောင့်လား မသိ၊ ပုခက်တွင်းမှ ၆ လသား မောင်လေးက ငယ်သံပါအောင် စူးစူးဝါးဝါး အော်၍ ငိုနေပါတော့သည်။

“ ဟုတ်တယ် ဟုတ်တယ် မိန်းမ ပိုပိုက နိမိတ်ဖတ် သိပ်ကောင်းတာပဲ၊ အထူးဧည့်သည်ဆို ငါရဲ့ အချစ်ဆုံးသမီးဦး လာတာဆိုတော့ သူကြိုက်တဲ့ ၀က်သားဟင်း ချက်ကျွေးစမ်း မိန်းမရာ”
ကျမသည် ငိုနေသော မောင်လေးအား ပုခက်လွှဲသိပ်နေစဉ် အဖေနှင့် မစိန်ပိုတို့ စကားလုံးများကြောင့် နာကြားပြင်းကတ်နေပါတယ်။ ကျမရဲ့ မကြားချင်၊ မခံချင်သော စိတ်ကို မျိုသိပ်၍ လာရင်းကိစ္စ အဆင်ပြေအောင် ကျမရဲ့စိတ်ကို တစ်ပတ်လျှော့ပြီး ဆက်ဆံလိုက်ပါတယ်။ ကျွန်မရဲ့ စိတ်ထဲက ပြောနေသော ရင်ထဲက စကားများကိုတော့ သူတို့ နှစ်ဦး ကြားမည် မထင်ပါ။
သြော် မစိန်ပိုက ကျွန်မရဲ့ အဖေ ဦးသာထွေးကို ကိုကိုသာတဲ့၊ အဖေက ပြန်ခေါ်လိုက်တာက ပိုပိုတဲ့…။
“ အဖေတို့ နှစ်ယောက်ဟာ ပိုပိုသာသာနဲ့ တကဲကဲ အပြန်အလှန်ခေါ်ဆို ချစ်နေလိုက်ကြတာ သမီးတို့ သားအမိ ငါးယောက်အတွက် အဖေရဲ့ အချစ်တွေ မရှိတောပါဘူး အဖေ…။ အမေဟာ အဖေ့ထက် နှစ်နှစ်လောက်ကြီးပေမယ့် အဖေ့ထက် နုနယ်ပါသေးတယ်။ သမီးနဲ့ အမေ လမ်းလျှောက်သွားကြရင် ညီအစ်မလား အမေးခံရပါတယ်။ အဖေက အမေ့ကို ဘာကြောင့်ခွဲထားခဲ့တာတုံး အဖေရယ်။ ယခု အဖေယူထားတဲ့ မမစိန်ပိုဟာ အရွယ်ငယ်တာကလွဲပြီး အမေ့ရဲ့ အလှကို မမီပါဘူး အဖေ” အသံမထွက်ဘဲ ပြောနေသော ကျွန်မရဲ့ ရင်ထဲက စကားများ ဖြစ်ပါသည်။
“ ဟဲ့ သမီး မဦး ဘာကြောင် ကြည့်နေတာလဲ၊ ညည်းမောင်လေးက အိပ်သွားပြီ၊ ကဲလာပါဦး ထပါဦး အဖေနဲ့ ပိုပိုတို့ဆီ လာပါဦးကွယ် ထထ၊ ဟေ့ မိန်းမ ပိုပိုရေ သမီးကို ငွေငါးသောင်း ပေးလိုက်ပါ”
ကျွန်မသည် အိပ်နေသော မောင်လေးအား ငေးကြည့် ရင်ထဲမှ စကားတွေ ပြောရင်း အဖေနဲ့ မစိန်ပိုတို့ထံ ထလာခဲ့ပါတယ်။ လောကအလယ်မှာ လောဘ၊ ဒေါသ၊ သောက ကင်းအေးစွာ အိပ်မောကျနေသော ပုခက်ထဲမှ မောင်လေးရဲ့ ဘ၀ကို ကြည့်ပြီး အားကျမိလိုက်ပါသည်။

(၄)

ကျွန်မသည် အဖေ ပေးလိုက်သော ငွေများကို အမေ့ထံ အပ်လိုက်ပါသည်။ ငွေအပ်ပြီးတာနဲ့ အဖေနဲ့ အမေရဲ့ ကွဲခဲ့ရတဲ့ အကြောင်းကို ပြန်လည်စဉ်းစားနေမိပါတယ်။
ကျွန်မတို့ မိသားစုသည် မြေလတ်မြို့ကလေးတစ်ခုရဲ့ လမ်းတံတားစီမံကိန်းတစ်ခုမှာ ပျော်ရွှင်ချမ်းမြေ့စွာ နေလာခဲ့ကြပါသည်။ အဖေက လမ်းကြိတ်စက် ယန္တရားမောင်းဖြစ်တယ်။ အမေက စီမံကိန်းတွင်းမှာ ကွမ်းယာ၊ ဆေးလိပ် ရောင်းတယ်။ စီမံကိန်း တန်းလျားဘေးမှ အဖီကလေးဆွဲပြီး ကွမ်းယာဆိုင်ဖွင့်ပါတယ်။ ညနေခင်း အလုပ်သိမ်းချိန် ပြန်လာသောအခါ အဖေရဲ့ သူငယ်ချင်းများလာလျှင် အမေက အရက်မြည်းရန် ဖွယ်ဖွယ်ရာရာ ပြုလုပ်ပေးရစမြဲ။ အဖေရဲ့ သူငယ်ချင်းများက အမေ့ကို ဘိုမ ဘိုမဟု ခေါ်ကြပါတယ်။ အမေရဲ့ နာမည်မှာ မငွေစိန်ဖြစ်သော်လည်း အမေသည် အပျိုပေါက်ဘ၀မှ အဖေနဲ့ရပြီး ကလေး ၄ ယောက်အမေအထိ ဘိုမ တစ်ဦးကဲ့သို့ ချောမ လှပပြေပြစ်၍ ဘိုမနှင့်တူ၍ “ ဘိုမ ဘိုမ” အမည်တွင်ခဲ့ခြင်း ဖြစ်ပါသည်။
တစ်နေ့သော ညနေမှာ အဖေနဲ့ အမြဲတတွဲတွဲ အတူလာ၊ အတူသွား အတူအရက်သောက်ဖော် သူငယ်ချင်းများ ကိုခင်အောင် အိမ်သို့ ရောက်လာပါတယ်။ အိမ်မှာက အမေ တစ်ယောက်တည်းသာ။ ဧည့်သည်ဆိုတော့လည်း အမေက ဧည့်ဝတ်ပြုရတာပေါ့။
“ ထိုင်ပါ ကိုသာထွေးက ဘယ်မှာ နေခဲ့သလဲ ” အမေက မေးသတဲ့လေ။
““သာထွေးက ဒီကစောင့်နေပါတဲ့။ မနေ့က ကျန်ခဲ့တဲ့ ပုလင်းလက်ကျန်ကို သုံးဆောင်ရင်း စောင့်နေပါဆိုလို့ ငါလာခဲ့တာ ဘိုမရေ””
အမေက လာနေကျဖြစ်တဲ့ အဖေနဲ့ အရက်အတူ သောက်တဲ့ သူငယ်ချင်း ကိုခင်အောင်ဆိုတော့ ထုံးစံအတိုင်း လက်ကျန်ပုလင်းကို စားပွဲပေါ်မှာ ချပေး လက်ဖက်သုပ် အမြည်းတစ်ပွဲ ပြင်ပေးပြီး ဧည့်ခံထားလိုက်ပါတယ်။ သူ့ကို ဧည့်ခန်းမှာ ထားခဲ့ပြီး မီးဖိုထဲက ချက်ပြုတ်လက်စအိုးကို ပြန်ချက်နေပါတယ်။ ထမင်းတစ်အိုး ကျက်သွားပြီး ငါးကြော်ရန် ဆီပူကျက်နေတဲ့ ဒယ်အိုးထဲကို ငါးများထည့်လိုက်ပြီး တရှဲရှဲ မြည်နေဆဲ အချိန်မှာ ဧည့်ခန်းမှ ဧည့်သည်က မီးဖိုထဲ ၀င်လာသတဲ့။
“ ဟဲ..ဟဲ..ဟဲ ..ဘိုမကတော့ ယခုထိ စက်ရုပ်ကျနေတာပဲ၊ သိပ်လှနေတာပဲ၊ ဒီပါးကလေးတွေကိုက ချစ်စရာ သိပ်ကောင်း..”
“ အို ရှင် ဘာကြောင့် မီးဖိုထဲ ၀င်လာရတာလဲ ကျွန်မ ပါးကို မကိုင်ပါနဲ့ လွှတ်စမ်းပါ၊ အခုထွက်သွားပါ၊ ကျွန်မ အော်လိုက်မှာနော်”
ဦးခင်အောင်မှာ အရက်ကလည်း မူးနေပြီး အမေ့ကို ဇွတ်ဝင်လုံးသတဲ။ အမေကလည်း ပတ်ဝန်းကျင် သိသွားရင် သိက္ခာကျမှာစိုးလို့ ကျိတ်ပြီး ရုန်းကန်နေတုံးမှာ အဖေ ရောက်လာသတဲ့။ ဘာမပြော၊ ညာမပြောနဲ့ အဖေက ဒေါသကို ရှေ့တန်းတင်လိုက်တယ်။ အထင်လွဲပြီး အမေ့ကို အဲဒီလူနဲ့ စွပ်စွဲတော့တာပဲ။ အမေ ရှင်းပြတာကို လုံးဝ လက်မခံတော့ပါ။ အရက်မူးနေတဲ့ အဖေ့သူငယ်ချင်း ကိုခင်အောင်ကလည်း ဘာမှ မပြောဘဲ ထွက်ပြေးသွားတော့ ပိုဆိုးသွားခဲ့ပါသည်။ အမေကတော့ ရှက်လွန်းအားကြီးလို့ မျက်ရည်တွေ စီးပြီး အံကြိတ်ပြီး..
“ ဒီမယ် ကိုသာထွေး ငွေစိန်တို့ကို အရှက်နဲ့ အသက် လဲသွားမယ်သိလား။ ရှင်က အရက်သမားချင်း သစ္စာရှိ အထင်ကြီးပြီး ကိုယ့်သူငယ်ချင်းကိုတော့ လိုက်ပြီး ဘာမှ မမေး မပြောဘဲနဲ့ ကျွန်မကို ယခုလို တိတ်တိတ်ပုန်းဖောက်ပြန်နေတာ ဘယ်နှခါရှိပြီလဲဆိုတော့ ကျွန်မ ရင်နာတယ် သိလား”
အဲဒီအချိန်မှာ အဖေကလည်း အပြင်က အရက်သောက်လာတာဆိုတော့ အရှိန်က မြင့်နေတယ်ပေါ့။ ဒါပေမယ့် အရက်သာ မူးတာ ဘေးပတ်ဝန်းကျင်သိမှာစိုးတော့ ကျိတ်ပြီး တိုးတိုးတိတ်တိတ် ရန်ဖြစ်နေကြတယ်။ အဲဒီနေ့ကစပြီး အဖေ အရက်တွေ ပိုပိုပြီး နေ့စဉ် သောက်လာခဲ့ပါတယ်။ လုပ်ငန်း ဂျူတီချိန်တွေ ခဏခဏ ပျက်ခဲ့တယ်။ ဒါကြောင့် အထက်လူကြီးတွေက အဖေ့ကို ရှမ်းပြည်နယ်မြောက်ပိုင်းကို ပြောင်းပြစ်လိုက်ပါတယ်။ အမေကတော့ ကျမတို့ မောင်နှမတွေ ကျောင်းတွေက တန်းလန်းနဲ့ဆိုတော့ အဖေနဲ့အတူ လိုက်မသွားနိုင်ခဲ့ပါဘူး။ အဲဒီလိုနဲ့ တစ်နှစ်မပြည့်ခင် ကာလလောက်မှာ အဖေက ရောက်တဲ့နေရာမှာ နောက်မိန်းမ ယူလိုက်တာကို ကျွန်မ သိလိုက်ရပါတော့တယ်။ အမေကတော့ ကျွန်မ တို့ သားသမီးတွေ မျက်နှာကို ငဲ့ပြီး အဖေ့ကို တရားဝင် မကွာရှင်းခဲ့တာလို့ သိခဲ့ရပါတယ်။
လောကတွင် တံခွန်မရှိတဲ့ဘုရား၊ လင်မရှိသော မိန်းမ မတင့်တယ်မကြည်ညိုဟု ရှေးလူကြီးသူမ ပြောကြားခဲ့ဖူးပါတယ်။ ကျွန်မရဲ့ အမေကို ဘေးပတ်ဝန်းကျင်က အမျိုးမျိုး ဝေဖန်မေးငေါ့ကြပါပြီ။ အမေဟာ အိမ်ထောင်ဦးစီး ယောက်ျားမရှိတော့ ကျွန်မတို့မိသားစုအတွက် ၀င်ငွေကို တိုးပြီး ရှာရပါတယ်။ အိမ်မှာတင် ကွမ်းယာထိုင်ပြီး မရောင်းတော့ဘဲ ဆောက်လုပ်ရေး စီမံကိန်း လုပ်ငန်းခွင်မှာ ရှိကြတဲ့ စက်သမား၊ ကားသမားတွေဆီ အရောက် ကွမ်းယာထုပ်၊ ဆေးလိပ်ဘူး၊ အချိုရည် စတဲ့ စားစရာတွေကို လိုက်ရောင်းပါတော့တယ်။ ကျွန်မကို သတိပေးသလို တိုင်သလိုနဲ့ ပတ်ဝန်းကျင်က လာပြီး ကျွန်မကို ပြောကြပြန်ပါပြီ..။
“ ညီးအမေက ဟိုစက်သမား၊ ဟိုကားသမားနဲ့ ရယ်ရယ်မောမော ဈေးရောင်းနေတယ် လူမြင်လို့မှ မကောင်းပါဘူး မဦးရယ်၊ အိမ်မှာ သမီးအပျိုပေါက်ကလေးတွေ ထားပြီးသွားတော့ မတင့်တယ်ပါဘူး” စတဲ..့ စတဲ့.. စကားတွေလာပြောကြပါတယ်။ ကျွန်မ အမေဟာ သားသမီးတွေ စားဝတ်နေရေးအတွက်သာ စီးပွားရှာနေတာပါ။ ဘယ်ယောကျာ်းနဲ့မှ ဖောက်လွဲဖောက်ပြန်ပြီး နေတာထိုင်တာ သူ့အိမ်ထောင်သက် သက်တမ်းမှာ ရာဇ၀င် မရှိခဲ့တာ အမှန်ပါ။ ကျွန်မရဲ့ အမေ မျိုးရိုးဟာ ဆွေကြီး မျိုးကြီး၊ လူကုံတန်တွေထဲကပါ။ အမေက ယခု ကျွန်မတို့ အဖေကို ယူစဉ်မှာ အမေမိဘဆွေမျိုးသားချင်းတွေက သဘောမတူလို့ အဆက်အသွယ်ဖြတ်ပြီး အကြဉ်ခံရတဲ့ တစ်ကောင်ကြွက် အမေ ဖြစ်ခဲ့ရပါတယ်။ အမေဟာ မဟုတ်မခံ ဆတ်ဆတ်ကြဲ စိတ်ဓါတ် အမြဲရှိပါတယ်။ သူများက သနားလို့ အလကားထောက်ပံ့တာကိုလည်း လုံးဝ လက်မခံတတ်တဲ့သူပါ။ အမေ့ကို ကျွန်မ သနားလွန်းလို့ အဖေ့ဆီ ပိုက်ဆံသွားတောင်းတိုင်း လွယ်လွယ်ကူကူ ခွင့်မပြုခဲ့ပါဘူး။ သူများကို အားကိုးချင်တဲ့ စိတ်ကို မမွေးဖို့ အမေ အမြဲဆုံးမပါတယ်။ ဒါပေမယ့် ကျမကတော့ ကိုယ့်အဖေဆီ သမီးက ပိုက်ဆံ သွားတောင်းတာပဲ သူများ အားကိုးတာ မဟုတ်ပါဘူး၊ သားသမီးဆိုတာ မိဘကို အဓိက ထားပြီး အားကိုးမိကြတာ မဆန်းပါဘူးလေ။
လူ့ဘ၀ဆိုတာ တိုတိုလေးပါလို့ သူများတွေက ပြောကြပါတယ်။ လူ့ဘ၀ရဲ့ ကံကြမ္မာဆိုတာလည်း မျက်စေ့တမှိတ် လျှပ်တစ်ပြက်အတွင်းမှာ ပြောင်းလွှဲခဲ့မိတာ ကျွန်မ သဘောပေါက်ခဲ့ရပါပြီ။ ကျွန်မရဲ့အမေ ကျွန်မတို့ မောင်နှမတွေ အပေါ်မှာ တာဝန်ကျေခဲ့တဲ့ အမေ၊ မဟုတ်မခံဘဲ အမှန်တရားကို မြတ်နိုးအလေးထားပြီး ပတ်ဝန်းကျင်ကို ဆတ်ဆတ်ကြဲ ရင်ဆိုင်ခဲ့တဲ့ အမေ။
ယခုတော့ ပတ်ဝန်းကျင်ရဲ့ တံတွေးခွက်မှာ ပက်လက်မျောပြီး အပြောအဆိုခံခဲ့ရပါပြီ။
“ ဒီငွေစိန် ဆိုတဲ့ ဘိုမ ကောင်မ သူ့ယောက်ျားရှိစဉ်ကလည်း ဒီအောင်ခင် ဆိုတဲ့ ကောင်ကြောင့် လင်မယားချင်းကွဲသွားကြတာလေ။ ကြည့်စမ်းပါအုံး၊ ယခုတော့ ဒီကောင်နဲ့ တိတ်တိတ်ပုံး ခြေပုံးခုတ်နေကြရင်း ရန်ဖြစ်ကြလို့ သတ်ပစ်လိုက်သတဲ့တော် လူကြားလို့မ မကောင်း။ သမီးပျိုကလေးတွေ မျက်နှာကိုမှ မထောက်မညှာတော်။ ကျုပ်တို့ကတော့ ဒီလိုမိန်းမမျိုးကို လုံးဝကို မသနားပါဘူး”
ကျွန်မရဲ့ အမေကို ပတ်ဝန်းကျင်က ဒီလိုပြောသံကြားရတော့ ကျွန်မ လုံးဝ လုံးဝ လက်မခံနိုင်ပါ။ အမေ့အကြောင်း အမေ့သစ္စာ တရားကို အသိဆုံးက ဒီတစ်လောကလုံးမှာ ကျွန်မ တစ်ယောက်တည်းသာ ရှိပါတယ်။ ကျွန်မရဲ့ ရင်ထဲက ခံစားနေရတာတွေ ကျွန်မရဲ့ ကျနေတဲ့ မျက်ရည်ပေါက်တွေကသာ စကားပြောတတ်မယ်ဆိုရင် ကျွန်မရဲ့ အမေ့ဘက်က ရှေ့နေလိုက်ကြမှာပါ။
ဒီကိစ္စ သတင်းဆိုးကြီးကြောင့် ကျွန်မတို့မောင်နှမတစ်တွေ မျက်ရည်တွေ ပင်လယ်ဝေပြီး ဘ၀တွေ ရေစုန်မျှော၍ ပျက်ခဲ့ရပါပြီ။ ကျွန်မတို့ အခုလို ဒုက္ခပင်လယ်ဝေနေတုန်းမှာ ဝေးတစ်မြေကို ပစ်ခွာ ပြေးသွားတဲ့ အဖေ့ကို ကျမ ဖုန်းဆက်အကြောင်းကြားပြီး လာခဲ့ဖို့ ခေါ်လိုက်ရပါတော့တယ်။ နောက်နေ့မှာ ကျွန်မ အဖေ ဦးသာထွေး ရောက်လာခဲ့ပါတယ်။ “ သစ္စာမရှိတဲ့ ဒီမိန်းမကို ငါ သွားပြီး မတွေ့ချင်ဘူး ၊ သမီးတို့ မောင်နှမတွေအတွက် အဖေ အားလုံး တာဝန်ယူပါမယ်။ ဒီကောင်မ မိန်းမယုတ် လူသတ်မှုနဲ့ တစ်သက်တစ်ကျွန်းကျသွားလည်း ငါ လုံးဝ ၀မ်းမနည်းပါဘူး။ သားတို့ ၊ သမီးတို့ ဘာမှ အားမငယ်ကြပါနဲ့ကွာ”

(၆)

အမှု(၃)လခန့်ကြာသော် ။ ဒီလထဲမှာ ဒီနေ့ တစ်ရက်ဟာ အမေ့ကို တရားရုံးက စီရင်ချက် ချမယ့်နေ့ပါပဲ။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ ဒီတစ်လထဲမှာ “လ” ကြတ်တယ်။ “ နေ ” ကြတ်“တယ်၊ နေကြတ်၊လကြတ်တာကို တစ်ကမ္ဘာလုံး တစ်နိုင်ငံလိုး ကြိုပြီး သိကြတယ်။ ကြည့်ခဲ့ကြရပါတယ်။ ကျွန်မရဲ့ ရင်ထဲမှာ မပြောနိုင်အောင် မွန်းကျပ်နေတာတွေကိုတော့ ဘယ်သူမှ မသိကြပါဘူးနော်။ အဖေကလည်း ဒေါသတကြီးနဲ့ “ သမီးတို့က အညွန့်တလူလူနဲ့ မိန်းမပျိုကလေးတွေ ညည်းတို့အမေ သစ္စာဖောက် မိန်းမယုတ် တိတ်တိတ်ပုန်းပေါင်းပြီး လင်ငယ်သတ်ပစ်တဲ့ပွဲကို သွားကြည့်ကြဖို့ မသင့်တော်ပါဘူး။ သမီးရယ်။ ဒီနေ့ စီရင်ချက်ချတဲ့ တရားရုံးကို မသွားချင်စမ်းပါနဲ့။ သမီးတို့ပါ သိက္ခာကျသွားကြမယ် သိလား။ လုံးဝ မသွားရဘူး၊ လုံးဝ မသွားရပါဘူး။”
အဖေက ဘယ်လိုပင် တားတား ကျွန်မရဲ့ ကျေးဇူးရှင် အမေဆီ မဖြစ်ဖြစ်အောင်၊ မရောက်ရောက်အောင် သွားခဲ့ပါတယ်။
ကျွန်မ ရောက်သွားတော့ အမေ့ကို စီရင်ချက်ချတဲ့ တရားခုံရုံးတစ်ခန်းတည်းသာ ကျန်ပါတော့တယ်။ ရုံးချိန်ကုန်လို့ ညနေစောင်းပါပြီ။ ကျွန်မ ရောက်လာတာကို အမေမြင်တယ်၊ ကျွန်မကို ဘာစကားမှ မပြောပါဘူး။ သူ့မျက်လုံးတွေက အရောင်တွေ တလက်လက်ထွက်နေပါတယ်။ ပြူးကြောင်ပြီး အရောင်တလက်လက် မျက်လုံးတွေထဲက မျက်ရည်တွေ တစ်လိမ့်ချင်းတစ်လိမ့်ချင်း စီးဆင်းနေပါတယ်. အမေဟာ ကျွန်မကို တစ်ခုခု စကားပြောချင်ပုံ ပေါ်ပါတယ်။ သူ့ကို ပြစ်ဒဏ် ချမှတ်လိုက်တဲ့ ထောင်ဒဏ်ကိုလည်း ကျွန်မကို ပြန်မပြောဖို့ အသိမပေးကြဖို့ ဘေးလူတွေကို ကြိုပြီး နှုတ်ပိတ်ထားပါတယ်။ ဘယ်သူ့ကိုမှ မေးလို့ မရခဲ့ပါဘူး။ အမေ့ကို အချုပ်ကားပေါ်တင်ရန် တရားရုံးထဲက ထုတ်၍ လာပါပြီ။ အမေဟာသူ့ပါးပြင်ပေါ်က မျက်ရည်စက်တွေကို တဘက်စောင်းနဲ့ သုတ်ပြီး မျက်နှာကို တင်းတင်းထားတာ တွေ့ရပါတယ်။ ကျွန်မကို ခေါင်းညိတ်ပြီး သူ့အနားလာခဲ့ရန် ခေါ်ပါတယ်။ အမေနဲ့ ကပ်ပါလာတဲ့ တာဝန်ကျ ရဲသားက ကျွန်မ အမေကို တွေ့ခွင့်ပြုပေးပါတယ်။
ကျွန်မ လုံးဝ စိတ်မထိန်းနိုင်တော့ပါဘူး။ မျက်ရည်တွေ ဒလဟောကျပြီး အမေ့ကို ဖက်၍ ချုံးပွဲချ အားရပါးရ ငိုပစ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ အမေဟာ ကျွန်မနဲ့ ပါးချင်းကပ်ပြီး မျက်ရည်တွေကို သုတ်ပေးနေပါတယ်။ အမေရဲ့ မျက်လုံး နှစ်လုံးဟာ အရောင်တွေ တောက်ပနေပါတယ်။ ကျွန်မရဲ့ ပါးတွေ နားတွေကိုလည်း အကြိမ်ပေါင်းများစွာ အားရ ပါးရ နမ်းနေပါတယ်။ ကျွန်မရဲ့ ညာဘက်နားကို အမေ့ပါးစပ်နဲ့ နောက်ဆုံးကပ်ပြီး တိုးတိုးကလေး မှာသွားပါတယ်။ အချုပ်ကားပေါ်သို့ အမေ ၀မ်းနည်းစွာဖြင့် တစ်လှမ်းချင်းတက်၍ လက်ပြနှုတ်ဆက်သွားပါတယ်။ အမေ မှာခဲ့တဲ့အတိုင်း အမေ့စကားကို သမီး ဘယ်သူ့ကိုမှ မပြောပါဘူး အမေရယ်၊ သမီး ကတိပေးလိုက်ပါတယ်…. အမေရယ်။ သမီး အားရပါးရ ငိုချလိုက်ပါရစေတော့။
ကျွန်မရဲ့ နားထဲမှာ အမေ တိုးတိုးလေး မှာသွားတဲ့ အသံတွေဟာ ပဲ့တင်ထပ်၍ ပြန်လည်ကြားယောင်နေဆဲပါ။
“ သမီးကို ဒီလူယုတ်မာ ခင်အောင် စော်ကားသွားတာကို ဘယ်သူမှ မသိပါစေနဲ့ သမီးရယ် ”
ပဲ့တင်ထပ်နေတဲ့ အမေ့အသံတွေနဲ့အတူ ဖြစ်ပျက်ပြီးခဲ့တဲ့ ဖျက်လို့ မရတဲ့ ဘ၀ အမည်းစက်ကြီးကို တရေးရေး ပြန်လည် မြင်ယောင်ခဲ့ပါတယ်။ ညနေခင်း နွားရိုင်းသွင်းချိန် အိမ်ထဲမှာ ကျွန်မ တစ်ဦးတည်း ရှိနေစဉ် အရက်မူးသမား လူယုတ်မာကြီးရဲ့ အနိုင်ကျင့်ခံလိုက်ရပါတယ်။ အဲဒီအချိန်မှာ အမေပြန်ရောက်လာပြီး ဒီလူယုတ်မာကြီးရဲ့ ကျောပြင်ကို ကွမ်းယာဆိုင်က ကတ်ကြေးနဲ့ အဆုံး ထိုးပစ်လိုက်ပါတယ်။ အမေ့ရဲ့ အော်သံတွေက
“ လာကြပါအုံး ၊ ကျမကို လာပြီး စော်ကားနေလို့ ကျွန်မ လက်လွန်သွားပါပြီ၊ လာကြပါဦး ၊ ကယ်ကြပါဦး”
ပတ်ဝန်းကျင်က လူတွေ ၀ိုင်းမလာခင် ကျွန်မကို ထွက်ပြေးရန် တွန်းလွှတ်လိုက်ပါတော့တယ်။ ကျွန်မလည်း အမေခိုင်းတဲ့အတိုင်း အပြင်ကို ထွက်ပြေးခဲ့ပါတယ်။
အခုတော့ ကျွန်မရဲ့ အရှက်ကို အမေ သူ့ဘ၀နဲ့ လဲသွားပါပြီ။
“အမေ တောင်းတဲ့ ကတိကို ဘယ်သူ့ကိုမှ မသိစေရပါဘူး အမေရယ်”။
“ဒါပေမယ့် သမီးရဲ့ ရင်ထဲမှာ မွန်းကျပ်ပြီး ခံစားနေရတာတွေ ပြောချင်တာတွေ ရှိနေပါသေးတယ် အမေရယ်။”
“သမီးဘ၀ ဒီလူယုတ်မာကြီးပေးသွားတဲ့ သန္မေသားကို ဘယ်သူမှ မသိ မမြင်နိုင်တဲ့ အဝေး တစ်နေရာကို သွားလို့ ရှောင်တိမ်းမွေးဖွားပြီး ဘ၀သစ်ထူထောင်ပါတော့မယ်။ အမေတိုင်းဟာ သားသမီးတိုင်းကို ချစ်တတ်တဲ့ မေတ္တာ စေတနာ သံယောဉ်ဇဉ်ကြိုး(မမြင်နိုင်တဲ့ ဖြတ်လို့မရတဲ့ကြိုး) မိခင်မေတ္တာကို သမီးနားလည် သဘောပေါက်ပါပြီ……။ အမေ့ကိုကျေးဇူးဆပ်တဲ့အနေနဲ့ ယခုလို ဆုံးဖြတ်ချက် ရဲရဲကြီးချပြီး အပြစ်မဲ့တဲ့ ဒီရင်သွေးလေးကို မွေးဖွားဖို့ စီစဉ်လိုက်ရတာ သမီးကို ခွင့်လွှတ်ကြပါ အမေနဲ့ အဖေ…….။”

(တစ်ကမ္ဘာလုံးမှာ ရှိရှိသမျှအမေများအား ဤ၀ထ္ထုဖြင့်ကန်တော့လိုက်ပါသည်။)

ရွှေလမ်းငွေလမ်း ၀င်းကြည်
စစ်ကိုင်းမြို့နယ်၊ မိုးသောက်လူငယ်စာကြည့်အသင်းမှထုတ်ဝေသော
မိဘမေတ္တာမုဒိတာ မဂ္ဂဇင်း-အတွဲ(၂) မှ ပြန်လည်ဖေါ်ပြပေးပါသည်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel သိက္ခာအစားထိုး၍ ဘ၀ရေချိုးဆင်း.... ini dipublish oleh shwelannwelanwinkyi pada hari Monday, June 8, 2009. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 1comments: di postingan သိက္ခာအစားထိုး၍ ဘ၀ရေချိုးဆင်း....
 

1 comments:

ရွှေပြည်သူ said... | June 10, 2009 at 7:57 AM

အိမ်ထောင်ကျိုးတစ်ခုက သားသမီးတွေအတွက် ရဲရင့်တည်ကြည်ခဲ့တဲ့ မိခင်နဲ့ သနားစရာ သမီးလေးအကြောင်းကို ဖတ်ပြီး ရင်နင့်သွားပါတယ်။ စာရေးသူကိုလည်း လေးစားမိပါတယ်။