လောကဓံ ထဲမှ လူသုံးမျိုး

လောကဓံ ထဲမှ လူသုံးမျိုး

နှစ်သက်သောစာစုများ
ရွှေလမ်းငွေလမ်းဝင်းကြည်


လူမုံလာဥ၊ လူကြက်ဥနဲ့ လူလက်ဖက်ခြောက်

ဒီလောကဓံပုံပြင်စာတမ်းလေးနဲ့ပဲ ဒီနေရာမှ နှုတ်ဆက်ခဲ့ပါတယ်။ မြန်မာပြည်မှာ အခြေအနေပေးလို့၊ ဘလော့လည်းဖွင့်ရလို့ အခွင့်ကြုံရင်တော့ ရေးရအုန်းမှာပေါ့လေ။ လူတိုင်းဟာ ဘ၀ရဲ့ လောကဓံနဲ့ မကင်းနိုင်ပါဘူးနော်.။ အဲဒီတော့ ဒီလောကဓံ ပုံပြင်လေးကို ဖတ်ပြီး...စာဖတ်သူ သူငယ်ချင်းးများ ဘ၀ရဲ့ လောကဓံအထွေထွေကို အပြုံမပျက် ရင်ဆိုင် ကျော်လွားနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း

လူမုံလာဥ၊ လူကြက်ဥနဲ့ လူလက်ဖက်ခြောက်
တစ်ခါက ဤလောကရဲ့ တစ်နေရာမှာ သားအဖနှစ်ယောက် ရှိလေသတဲ့။
တစ်နေ့မှာ သမီးလုပ်တဲ့သူက ဖအေကို တိုင်တည်တယ်။ သူ့ဘ၀မှာ အဆင်မပြေတာတွေက များနေတယ်ပေါ့။ ဘာလုပ်လုပ် အဆင်မပြေတာတွေချည်းမို့ အားကပျက်နေပြီး အရာရာကို လက်လျှော့လိုက်ချင်စိတ်က ပေါက်နေပြီ ဖေဖေရယ်။ တိုက်ရခိုက်ရတာ၊ ရုန်းရကန်ရတာလည်း သမီးမှာ မောလှပါပြီ။ ပန်းလှပါပြီရှင်။ ပြဿနာတစ်ခု ပြေလည်သွားလို့မှ မနားရသေးဘူး၊ နောက်ထပ် ပြဿနာတစ်ခုက ထပ်တက်လာနဲ့၊ ဘ၀ဆိုတာ ဒုက္ခတွင်းကြီးထဲ စောက်ထိုးဆင်းနေရသလိုပါပဲ ဖေဖေရယ်။ သမီးတော့ စိတ်ညစ်တယ်။ လူတောင်ဆက်မလုပ်ချင်တော့ဘူး ဘာညာစသဖြင့် ဖအေကို တိုင်တည်ရင်း ညည်းရှာတယ်။

ဖအေလုပ်တဲ့သူက စားဖိုမှူးကြီးပါ။
သမီးကလည်း အဲသလို ညည်းညူတိုင်တည်လာရော ဖအေက ဘာမပြောညာမပြောနဲ့ သမီးကို လက်ဆွဲပြီး မီးဖိုချောင်းထဲ ခေါ်သွားတယ်တဲ့။ ပြီးတော့ အိုးသုံးလုံးထဲကို ရေတွေဖြည့်ပြီး မီးပြင်းပြင်းနဲ့ ဖိုသုံးဖိုပေါ်မှာ တည်လိုက်တယ်။ မကြာပါဘူး၊ မီးတွေကပြင်းတော့ သုံးအိုးစလုံးထဲက ရေတွေ ပွက်ပွက်ဆူလာတော့တာပေါ့။
ရေနွေးလည်းဆူရော ဖအေလုပ်တဲ့သူက တစ်အိုးထဲကို မုံလာဥတွေထည့်၊ နောက်တစ်အိုးထဲကို ကြက်ဥတွေထည့်၊ နောက်တစ်အိုးထဲကိုကျတော့ လက်ဖက်ခြောက်တွေ ထည့်လိုက်ပါတယ်။
ပြီးတော့ အိုးတွေကို သည်အတိုင်း ဆက်တည်ထားလိုက်တယ်။ စကားတော့ တစ်လုံးမှာမပြောဘူး။


သမီးလုပ်တဲ့သူက ဖေဖေ့နှယ် ဘာတွေများလုပ်နေပြန်တာလဲလို့တွေးရင်း စိတ်ကတယ်မရှည်ချင်ဘူး။ ဒါပေမယ့် ဘာကိုမဆိုအကြောင်းမဲ့ မလုပ်တတ်တဲ့ ဖအေ့အကြောင်းကို သိထားတော့ အံကလေးတင်းရင်း စိတ်မရှည်စွာနဲ့ပဲ စောင့်နေရပါတော့တယ်။


ဆယ်မိနစ်လောက်ကြာတော့ ဖအေလုပ်တဲ့သူက မီးသုံးဖိုစလုံးကို သတ်လိုက်ကြီး ပထမအိုးထဲက မုံလာဥတွေကိုဆယ်၊ ပန်းကန်တစ်ချပ်ထဲထည့်တယ်၊ နောက်တစ်အိုးထဲက ကြက်ဥတွေကိုလည်း ဆယ်ပြီး တစ်ခြားပန်းကန်တစ်လုံးထဲထည့်တယ်။ နောက်ဆုံးအိုးထဲက လက်ဖက်ရည်ကြမ်းတွေကိုလည်း ပန်းကန်တစ်လုံးထဲထည့်တယ်။ ပြီးတော့မှ သမီးဘက် လှည့်တဲ့ပြီး မေးလိုက်တယ်။
“ကဲ…သမီးလေးရေ၊ ဒါတွေက ဘာတွေလဲ…”
“မုံလာဥပြုတ်ရယ်၊ ကြက်ဥပြုတ်ရယ်၊ ရေနွေးကြမ်းရယ်ပါ ဖေဖေ”
သမီးက အဲလိုဖြေလိုက်တော့ ဖအေက သမီးကို သူ့နားလာခိုင်းပြီး မုံလာဥတွေကို စမ်းခိုင်းတယ်၊ သမီးက ဖအေခိုင်းတဲ့အတိုင်း မုံလာဥပြုတ်တွေကို ဇွန်းနဲ့ ထိုးကြည့်လိုက်ပြီးတဲ့နောက် “ဖေဖေ့ မုံလာဥတွေကလည်း ပျော့ပြဲနေပြီ…”လို့ပြောလိုက်ပါတယ်။
ဖအေက သမီးစကားကို အမှုမထားဘဲ ကြက်ဥပြုတ်တစ်လုံးကို ယူပြီး သမီးကို ခွဲခိုင်းပြန်တယ်၊ အပေါ်က အကာကိုခွါလိုက်တဲ့အခါမှာတော့ ကောင်းကောင်းကြီးကျက်နေပြီးဖြစ်တဲ့ ကြက်ဥပြုတ်ပေါ့။
နောက်ဆုံးမှာတော့ ရေနွေးကြမ်းကို မြည်းကြည့်ဖို့ ဖအေက ခိုင်းလိုက်ပြန်တယ်။ သမီးလုပ်တဲ့သူက ပြုံးလိုက်ရင်းကနေ ဖအေခိုင်းတဲ့အတိုင်း အငွေ့တထောင်းထောင်းထနေတဲ့ ရေနွေးကြမ်းပူပူကို တဖူးဖူးမှုတ်လို့ မြည်းလိုက်ရပါတယ်။ အင်မတန်မွှေးပျံ့ပြီး အရသာရှိတဲ့ လက်ဖက်ရည်ကြမ်းဖြစ်နေတာကိုလည်း သတိထားလိုက်မိတယ်။
“ဖေဖေ ဘာကို ပြောချင်တာလဲဟင်….”
လက်ဖက်ရည်ကြမ်းကို အရသာခံရင် သမီး မအောင့်နိုင်တော့ဘဲ မေးလိုက်မိပါတော့တယ်။


ဖအေက ရှင်းပြတယ်။
“မုံလာဥရယ်၊ ကြက်ဥရယ်၊ လက်ဖက်ခြောက်ရယ်ဆိုတဲ့ မတူတဲ့ အရာသုံးမျိုးဟာ တူညီတဲ့ ဒုက္ခဖြစ်တဲ့ ရေနွေးပူပူထဲမှာ တစ်ပြိုင်းတည်း၊ တစ်ညီတည်း ထည့်အပြုတ်ခံခဲ့ရတာချင်းအတူတူ တုံ့ပြန်ပုံချင်းကျတော့ မတူဘူးလေ သမီးရဲ့။
“မုံလာဥဟာ ရေနွေးပူထဲ မရောက်ခင်တုန်းကတော့ သန်သန်မာမာ၊ တောင့်တောင့်တင်းတင်းကြီးရယ်၊ အဲ…ဒါပေမယ့် ရေနွေးနဲ့လည်း အပြုတ်ခံလိုက်ရရော တစ်ခါတည်းကို ပျော့ဖတ်ပြီး ချိနဲ့သွားတော့တာပဲ…”


“ကြက်ဥကကျတော့ ရေနွေးထဲမရောက်ချင်က အထိမခံဘူး။ ထိလိုက်တာနဲ့ ဖတ်ခနဲကွဲမှာ အသေအချာနော်။ အပေါ်ခွံပါးပါးလေးက အထဲက အရည်ကြည်ပျော့ဖတ်ဖတ်လေးတွေကို ကာရံထားရတဲ့ အနေအထားပေါ့။ ဒါပေမယ့် ရေနွေးဆူဆူထဲမှာလည်း ကြာကြာလေး နေလိုက်ရရော အဲသည်ပျော့အိအိအတွင်းသားတွေအားလုံး မာကုန်တာပဲ မဟုတ်လား သမီးရဲ့…”


“အေး…လက်ဖက်ခြောက်ကတော့ တစ်ဘာသာပဲ။ ရေနွေးပွက်ပွက်ထဲလည်း ရောက်သွားရော အဲသည်ပွက်ပွက်ဆူနေတဲ့ ရေကိုပါ လက်ဖက်ရည်အဖြစ် ပြောင်းလဲ ပစ်လိုက်တယ်…”


“ကဲ..အဖေ့ သမီးကရော ဘာလဲ၊ မုံလာဥလား၊ ကြက်ဥလား၊ လက်ဖက်ခြောက်လား၊ လောကဓံဆိုတာတော့ လူတိုင်းရင်ဆိုင်ကြရတာပဲ သမီး။ အဲသည် လောကဓံနဲ့ နဖူးတွေ့၊ ဒူးတွေ့ ရင်ဆိုင်ရတဲ့အခါမှာ သမီးက ဘယ်လိုတုံ့ပြန်လိုက်ချင်သလဲ။ မုံလာဥလို တုံ့ပြန်မလား၊ ကြက်ဥလို တုံ့ပြန်မလား၊ လက်ဖက်ခြောက်လို တုံ့ပြန်မလား သမီးဘာသာစဉ်းစား ပေတော့ကွယ်…”
ပုံပြင်လေးကတော့ ဒါပါပဲ။


စာဖတ်သူ သူငယ်ချင်းကရော ဘယ်လိုပါလဲ။
အပြင်ပန်းအမြင်မှာတော့ မုံလာဥလို မာမာကျောကျော တောင့်တောင့် တင်းတင်းကြီးနဲ့၊ လောကဓံနဲ့ တကယ်တမ်းရင်ဆိုင်ရတဲ့ အခါကျရင်တော့ ပျော့ခွေနွမ်းရိပြီး အားကုန်သွားမယ့် လူစားမျိုးပါလား။
ဒါမှမဟုတ် ကြက်ဥလို လူစားလား၊ အစတုန်းကတော့ ထိလွယ် ရှလွယ်တယ်၊ စိတ်ကလည်း ပျော့တယ်၊ ဒါပေမယ့် သေခြင်းတရားလို၊ ရှင်ကွဲ ကွဲတာလို၊ စီးပွားရေးစသည် ချွတ်ခြုံကျတာလို ကြမ္မာဆိုးတစ်ခုခုကို အပြင်းအထန် ခံစားရပြီးတဲ့ နောက်မှာတော့ နင်လားဟဲ့….လောကလဓံဆိုတဲ့ စိတ်ဓာတ်၊ ထီမထင်တဲ့ စိတ်ဓာတ်နဲ့ မာကျောကျော၊ တောင့်တင်းတင်းကြီး ဖြစ်သွားမယ့် လူစားမျိုးလား၊ မပြုတ်ခင် ကြက်ဥနဲ့ ပြုတ်ပြီးသား ကြက်ဥလိုပဲ၊ အပြင်ပန်းအမြင်မှာ သိပ်မကွာလှပေမယ့် အတွင်းမှာ ခါးသီးမာကျောနေတဲ့ နှလုံးသားနဲ့ လူစားမျိုး ဖြစ်နေမှာလား။
ဒါမှမဟုတ် စာဖတ်သူ သူငယ်ချင်းဟာ လက်ဖက်ခြောက်လို လူမျိုးလား။ ရေပူကိုပေမယ့် အသွင်ပြောင်းပေးနိုင်တာမျိုးလေ၊ လက်ဖက်ခြောက်ဆိုတာက ရေနွေးဆူလေလေ၊ ပွတ်လေလေ လက်ဖက်ရည် အရသာကောင်းလေလေပေါ့။ လက်ဖက်ခြောက်လို လူဆိုတာကလည်း ဒုက္ခသုက္ခတွေ အရှိန်တက်လေလေ အရည်အချင်းတွေ ပိုရှိလာလေဖြစ်ပြီး ကိုယ့်ပတ်ဝန်းကျင်အတွက် ပိုကောင်းတဲ့အခြေနေကို ဖန်းတီးပေးနိုင်သူ ဖြစ်နေပါလိမ့်မယ်။
ကဲ….ဒီစာဖတ်သူ သူငယ်ချင်း လောကဓံကို ဘယ်လိုရင်ဆိုင်မယ် စိတ်ကူးပါသလဲ။
ကိုယ့်ဘာသာ ဆင်ခြင်ပိုင်းဖြတ်လိုက်ကြရုံပါပဲ။


+++++++++++++++++++++++++++++++++++++++++++++++

မေးလ်က ရတာလေးကို မျှဝေလိုက်တာပါ.. တစ်ခုခုတော့ ရသွားမယ် ထင်ပါတယ်နော..

အားလုံးသော ဓမ္မမောင်နှမများ လောကဓံ ရှစ်ပါးကနေ လွန်မြောက်စေဖို့ မဂ္ဂင်ရှစ်ပါး မြတ်တရားအကျင့်ကို ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေလို့ ဆန္ဒပြုလျက်

လေးစားစွာဖြင့်
ဖိုးသား


ကိုဖိုးသားပေးပို့သော မေးလ်အားပြန်လည်တင်ဆက်ပေးလိုက်ရပါသည်။

နှစ်သက်သောစာစုများ
ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊သြဂုတ်လ(၃၀)ရက်၊နံနက်(၂း၃)နာရီ ကူးယူ၏။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel လောကဓံ ထဲမှ လူသုံးမျိုး ini dipublish oleh shwelannwelanwinkyi pada hari Saturday, August 29, 2009. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 4 komentar: di postingan လောကဓံ ထဲမှ လူသုံးမျိုး
 

4 comments:

ဂျေဂျူဝိုင် said... | August 30, 2009 at 1:05 AM

ဖတ်ဖူးနေကျပေမယ့် ပြန်ဖတ်ရတော့လည်း ပြန်အမှတ်ရစေတာပေါ့ဗျာ

အနမ်း said... | August 30, 2009 at 5:51 AM

ဟား အရမ်းကောင်းတဲ့ပိုစ့်တစ်ခုပဲ။ ပုံပြင်လေးပေမယ့် တကယ်ကိုဗဟုသုတဖြစ်စေတယ်။ ကူးယူသွားပြီဗျို့ ။
ဦးဝင်းကြည်ကတော့ ရွှေလမ်းငွေလမ်းတွေကို တကယ် ဖောက်တော့တာပဲ။ ကျေးဇူးပါနော်။ အခုလိုအသိထူးလေးတွေရစေတာမျိုးများများတင်ပေးပါလား။

ကောင်းကင်ပြာ said... | August 30, 2009 at 12:16 PM

ဦးရေ မှတ်သားလောက်ပါတယ်၊

မေသစ္စာမောင် said... | August 30, 2009 at 4:40 PM

အခုမှ ဖတ်ဖူးတာပါ။
အခုလို မျှဝေပေးတာ ကျေးဇူးပါ။
မှတ်သားသွားပါတယ်..။