မန္တလေးမြို့ကြီးကို..ဘောင်းဘီဝတ်ပေးလိုက်တာ..မည်သူတွေလဲဗျာ…?

မန္တလေးမြို့ကြီးကို..ဘောင်းဘီဝတ်ပေးလိုက်တာ..မည်သူတွေလဲဗျာ…?

အက်ဆေး
အမြင်
ရွှေလမ်းငွေလမ်းဝင်းကြည်


အဘတောသားခေါ် ကျွန်တော် ဒီနှစ်ထဲမှာ မန္တလေးကို တစ်လ တစ်ခေါက်နှုန်းနဲ့ ရောက်ခဲ့ပါတယ်။ အား..ပါးပါး အရင်မန္တလေးနဲ့ ယခု မန္တလေး ဘာမှ မတူတော့ပါလားကွယ်။ မသွားတတ် မလာတတ်လို့ဘုန်းကြီးကျောင်းက တူမောင်တစ်ယောက်ကို လမ်းပြခေါ်ခဲ့ရ ပါတယ်..။ ကလေးနဲ့ ခွေးကအစ၊ လူငယ်၊လူလတ်၊ လူကြီးအဆုံးအားလုံးကို ပြောင်းလဲ သွားကြပါပြီ..။ စားပုံ၊ ၀တ်ပုံ၊ နေပုံ ၊ထိုင်ပုံ ၊ပြောပုံ၊ ဆိုပုံ၊ သွားပုံ၊ လာပုံကအစ အရာရာ ပြောင်းလဲ သွားကြပါပြီကော။

စူပါမားကတ်တွေထဲလည်းရောက်ပါတယ်။ အဘက အင်္ဂလိပ်စာမတတ်တော့ နာမည်တွေကို မပြောတတ်မရေးတတ်ပါဘူးဗျာ။ဟော်တယ်၊မိုဒယ်၊အင်း၊တည်းခိုခန်း၊ဧည့်ရိပ်သာ၊နာရီစင်၊ဈေးချိုကိုလည်း ရောက်ခဲ့ပါတယ်။ထမင်းဆိုင်ကြီး/ငယ် နဲ့လမ်းဘေးဆိုင်တွေကိုလည်း ရောက်ခဲ့ပါ တယ်။ အဲ လဘက်ရည်ဆိုင်ကြီးတွေကဆို အပြိုင်အဆိုင် ခုနှစ်ရက်၊ခုနှစ်လီ၊ အရုပ် အလတ် အမြတ်မရွေး အခမဲ့ စတုဒီသာကြွေးနေသလားတောင် ထင်မှတ်ရပါတယ်။

ယခင်က စက်ဘီးပေါတဲ့မြို့၊ ယခုတော့ တရုတ်ပြည်လုပ် မော်တော်ဆိုင်ကယ်တွေက တ၀ီဝီနဲ့ ဧရာဝတီမြစ်ထဲမှ လှိုင်းလုံးကြီးတွေထနေကြသလိုပါပဲ။ ဟ ဟ လမ်းဆုံလမ်းခွတွေကလည်း တရွီရွီနဲ့ ဘာဖြစ်ကြတာတုံးမေးရတယ်?။ အဘရေ ဦးထုပ်မပါတဲ့ ဆိုင်ကယ်တွေကို လိုက်တန်းပြေးတန်းကစားပြီး မရမက ယာဉ်ထိမ်းရဲတွေလိုက်ဖမ်းနေတာပါတဲ့။ အော် အများပြည်သူတွေကို အန္တရာယ်ကင်းရှင်းကြစေရအောင်လို့ပေါ့နော်..။ မဟုတ်ဘူးအဘရဲ့ သူတို့ကို တစ်လ တစ်လ သတ်မှတ်ပေးထားတဲ့ ရံပုံငွေကို မရ၊ ရအောင်ရှာကြရပါတယ် တဲ့။အော် တိုင်းပြည် မြို့ရွာသာယာအောင် အသက်ပေးလို့ ဆောင်ရွက်နေကြပါပြီလား…။

ဟေ့ ဟေ့ အိမ်တွေ တိုက်တွေ၊ဆိုင်တွေရဲ့ အိမ်ရှေ့ဥပစာမှာ အုတ်ဂူတွေ တစ်လုံးစီတည်ထားတာ ဘာတွေလည်းကွ။ ဟိုး ဟိုး အဘ အဘ အဲဒါ အုတ်ဂူမဟုတ်ဘူးဗျ..။ မီးစက်တွေ မီးစက်တွေပါ အဘရ။ ဟေ ဟေ ဒါဆိုရင်လည်း ပြီးရော့ ပြီးရော့ ..၊ စက်ကြီးတစ်ဆယ့်သုံးပါး ရွတ်စရာမလိုတော့တာပေါ့လူကလေးရယ်..။

ဟဲ့ ဟဲ့ မင်းတို့ မန္တလေးမှာ မြင်ရ၊ တွေ့လိုက်ရတာ အဘ စိတ်မချမ်းမသာ ဖြစ်လိုက်တာကွယ်…။ကောင်မလေးတွေ အင်္ကျီတောင် မ၀တ်နိုင်ရှာကြဘူးနော်..။ ထမီရင်ရှားကြီးတွေနဲ့၊ကျောပြောင်ကြီးတွေနဲ့ အောက်ကလည်း ဘောင်းဘီတို ပေါင်လည်ဝတ်ကြလို့၊ တစ်ချို့က ဘောင်ဘီဖင်ကြပ်ဝတ်ကြလို့၊ စကတ်တွေကလည်း အပြဲကြီးတွေနဲ့နော်..။ ဆံပင်တွေကလည်း နီကြောင်ကြောင်နဲ့ မီးဟပ်ခံထားရတာနဲ့တူတယ်။ရတနာပုံဈေးကြီးမီးလောင်တာလဲ ကြာပါပြီကွယ်..။ အင်း…နန်းဆန်တဲ့၊ မန်းဆန်တဲ့ မန်းသူလေးတွေရဲ့ယဉ်ကျေးမှု အလှအပလေး တွေများ ရတနာပုံဈေးမီးလောင်တဲ့အထဲများ ပါသွားကြလေပြီလားကွယ်….။

ရူး ရူး တိုးတိုးပြောပါ အဘရဲ့။ ဟီးဟီး အဘက မမြင်တတ်၊ မကြည့်တတ်သေးလို့ပါ။ အဘတို့ခေတ်မန္တလေးမဟုတ်တော့ပါဘူး။ ယခုမန္တလေးက ကိုရီးယားမန္တလေး၊ တရုတ်သူဌေးတွေ အခြေချတဲ့မြို့ဗျ။

အေးပါကွာ ငါတို့ခေတ်မှာတောင် ဆရာဇော်ဂျီက (ယခင်ခါ) ဆိုပြီးကဗျာနဲ့ မန္တလေးကိုလွမ်းခဲ့သေးတာပဲ…။

ယခင်ခါ

တန်ဆောင်းတော်ပြအိုးနဲ့
မြို့ရိုးမြင့် နီကြန်ကြန်
ကျုံးပတ်လို့ရံ။

မင်းမင့်တို့စံ၊ မွန်ပေသည့်မြို့ကျေး။
ခေါင်းလောင်းသံသာသာနဲ့
စည်ကြီးသံဝါ၀ါနဲ့
ယမန်ခါ သည်လိုညှင်းတယ်
မင်းသံတဲ့လေး။

ရွှေထီးက တ၀ါဝါ
ဝဲလက်ယာ ရွှေကျိုင်းနှင့်
သိုင်းဝင့်လို့လာ။

ဝန်ရှင်တော် မဟာ
ပြည်ရွာလုံ ရေအေး
ရွှေဘောင်းတင် ဆင်ကာနဲ့
ရွှေဝေါ ညင်သာသာနဲ့
ယခင်ခါ သည်လိုခင်းတယ်
မင်းဟန်တဲ့လေး။ ။

ဇော်ဂျီ

ကဲ ငါ့တူ ဆရာဇော်ဂျီရဲ့ လွမ်းခဲ့တဲ့ မန္တလေးနဲ့ ယခုငါတို့မြင်နေရတဲ့ မန္တလေးက ဘယ်လောက်ထိ ခေတ်ကာလတွေ ပြောင်းခဲ့ပြီိလည်းဆိုရင် မန္တလေးတစ်မြို့လုံး ဘောင်းဘီဝတ်သူတွေ လူတစ်ရာမှာ ခုနှစ်ဆယ်လောက်ဝတ်နေကြပြီ..တူမောင်ရေ…။မင်းအမြင်ပဲ။ ငါလည်းအမြင်သား..။ ဒါ..ဒါ..ဆိုရင် မန္တလေးမြို့ကြီးကို ဘောင်ဘီဝတ်ပေးလိုက်သူတွေမည်သူတွေလဲ?...။

ပြသာဒ်ဦးထုပ်နဲ့
ရှိုးထုတ်တဲ့ ရွှေမန်းသား။

အကြောင်းညီလို့ကတော့
ဆောင်းအမီ - ဘောင်းဘီဝတ်ဖို့
အားထုတ်မယ်ဗျား။……….။

ဘောင်းဘီဝတ် - နာရီစင် ကဗျာကိုရေးသားလိုက်တဲ့ ကိုငြိမ်း(မန္တလေး) က စတင်တာလား?။ မည်သူ..မည်ဝါတွေက မန္တလေးမြို့ကြီးကို ဘောင်းဘီဝတ်ပေးလိုက်ကြတာလဲဗျာ…..၀ိုင်းဝန်းပြီး အဖြေရှာပေးတော်မူကြပါခင်ဗျာ………?။


(မန္တလေး အနှစ် ၁၅၀ ပြည့် အထိမ်းအမှတ် ကဗျာ) စာအုပ်အားဖတ်၍ ခံစားရေးသားမိပါသည်။

အက်ဆေး
အမြင်
ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊စက်တင်ဘာလ(၇)ရက်၊ ည(၁၁း၂၂)နာရီတွင် ရေး၏။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel မန္တလေးမြို့ကြီးကို..ဘောင်းဘီဝတ်ပေးလိုက်တာ..မည်သူတွေလဲဗျာ…? ini dipublish oleh shwelannwelanwinkyi pada hari Monday, September 7, 2009. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 5 komentar: di postingan မန္တလေးမြို့ကြီးကို..ဘောင်းဘီဝတ်ပေးလိုက်တာ..မည်သူတွေလဲဗျာ…?
 

5 comments:

Nge Naing said... | September 7, 2009 at 3:08 PM

လွမ်းတာကတော့ လွမ်းတာပေါ့နော့် ရာသီဥတု အပါအ၀င် ခေတ်ရဲ့ အခြေအနေ ပြောင်းလဲမှုတွေကြောင့် အဆင်ပြေသလို သက်တောက်သက်သာ ရှိသလို ၀တ်စားဆင်ယင် ထုံးဖွဲ့လာကြတာကိုတော့ ဘယ်သူမှ ကာကွယ်လို့ မရနိုင်ပါဘူး။ ဆံပင်အရှည်ကြိုက်တဲ့ ကျွန်မ၊ ချိတ်ထမိန်ကိုမှ ကြိုက်တဲ့ကျွန်မဟာ အခြေအနေအရ ဆံပင်ရှည်ရင် ဆံပင်ကျွတ်တာနဲ့ အဲဒီဆံပင်ကို တသသ ဆင်ယင်ထုံးဖွဲ့ဖို့ အချိန်မပေးနိုငလို့ ဖြတ်လိုက်ရသလို၊ ထမိန်ဝတ်ပြီး အပြင်သွားရင် လမ်းမြန်မမြန်လျှောက်ချင်ရင် ထမိန်စဆွဲရတယ်။ လမ်းကို သွက်သွက်လက်လက် လျှောက်မိရင် ၀တ်ထားတဲ့ ထမိန်စက ရွှေ့သွားတတ်တော့ တခါတလေ လူရှေ့မှာတောင် ထမိန် ပြင်ဝတ်ရတာမျိုး ရှိတတ်တယ်။ ဒီလိုအခြေအနေမှာ ဘောင်းဘီဝတ်လိုက်ရင် ဒီအခက်အခဲတွေ အားလုံးကို ဖြေရှင်းပြီးသား ဘာမှလည်း ပြင်ဝတ်စရာမလိုတော့ဘူး။ ဒါကြောင့် ကျွန်မဆိုရင် ဘုန်းကြီးကျောင်းနဲ့ တချို့ အေးအေးအေး အလှသွားတဲ့ ပွဲတွေကလွဲရင် ထမိန်ဝတ်ပြီး အပြင်မသွားဖြစ်တော့ဘူး။ အဆင်ပြေအောင် လိုက်ဝတ်ရင်း ၀တ်စားဆင်ယင်မှုတွေ ပြောင်းသွားတာ ရှိနိုင်ပါတယ်။

ကောင်းကင်ပြာ said... | September 7, 2009 at 4:51 PM

ခေတ်နဲ့ လိုက်လျောညီထွေ ၀တ်လာတယ်လို့ပဲ ဖြေတွေးလိုက်ပါတယ် ဦးရယ်း)

Lu Pyo Gyi said... | September 7, 2009 at 9:26 PM

အချိန်အခါနဲ့ ပြောင်းသွားတာပဲ အစကတော့ စက်ဘီးနဲ့ပေါ့ အဲဒီ့တုံးက မြို့ကကျဉ်းတယ်လေ အရှေ့ဆို အောင်တော်မူ တောင်ဆို မန္တလေးတက္ကသိုလ် မြောက်ဆို အိုးဘိုလောက်ရှိတာကိုး နောက်တော့ မြို့သစ်တွေချဲ့တော့ ဆိုင်ကယ်ဖြစ်လာတာပေါ့ တရုတ်မကြီးသွင်းလာတဲ့ ကျန်ကျောင်းတွေ လိုင်စင်လုပ်တော့ ရဲသိပ္ပံကွင်းမှာ ကျွန်တော်တောင် တန်းစီဖူးပါရောလား အခုတော့ အိမ်မှာ လူစိဆိုင်ကယ်စိ။ အရင်ကဆို ကားလည်း သိပ်မများဘူး အခုတော့ များလာပါပြီ အဝတ်အစားကတော့ ခေတ်အလိုက် ပြောင်းသွားမှာပါပဲလေ ဘယ်နိုင်ငံရောက်ရောက် ဆာရီကိုအမြတ်တနိုး ဝတ်တဲ့ကုလားမတွေတောင် အလုပ်ထဲမှာ မသင့်လျော်ရင် ဂျင်းဘောင်းဘီဝတ်တာပဲဟာ မန္တလေးသူ ဘောင်းဘီဝတ်တာ မဆန်းတော့သလိုပါပဲ။ ပြောရင်းနဲ့ တရုတ်တန်းက ဘောင်းဘီရှည်နဲ့ တရုတ်မလေး ရောင်းတဲ့ မြေအိုးမြီးရှည် စားချင်လာပြီ။ အိမ်ကိုသတိရသွားပြန်ပြီဗျာ။

အနမ်း said... | September 9, 2009 at 10:02 AM

နန်းဆန် တဲ့မြန်မာလူမျိုးစစ်စစ်တွေက မရှိတော့သလို၊ အချို့ က မြို့ ပြင်ရောက်ကုန်ပြီလေ ဦးရဲ့ ။ မန္တလေးတော့ မရောက်ဖြစ်ပါဘူး။ လူကြီးတွေပြောတာပဲ၊ ခုက မြန်မာ စစ်စစ်မရှိသလောက်တဲ့။
ဗုဒ္ဓဘာသာ မြန်မာတွေဘယ်ရောက်ကုန်လဲမေးရမယ်။

ချမ်းလင်းနေ said... | September 11, 2009 at 1:44 PM

ရှေးရိုးလဲပယ်ပြီ ဈေးသုံးလဲလွယ်ပြီ အဘရေ။
ရွှေခြေချင်းနဲ့ မန္တလာသူတွေ
ရွှေမန်းမှာ နန်းဟန်နဲ့
ကျွန်တော် ကျွန်တော်သူတို့အပြော၊ ချစ်စရာသူတို့ဓလေ့ မေ့ပြစ်ပြီလေး။