မြန်မာပြည်မှ အမိန့်ရ အေးဓားပြ ပြင်ပ အထူးကုဆေးခန်းများ

မြန်မာပြည်မှ အမိန့်ရ အေးဓားပြ ပြင်ပ အထူးကုဆေးခန်းများ

အမြင်
ရွှေလမ်းငွေလမ်းဝင်းကြည်


အင်း… ဒီကိစ္စ ဒီအကြောင်းလေးကို မရေးချင်ပေမဲ့ ဘလော့မိတ်ဆွေ http://anam308.blogspot.com
အနမ်းရဲ့ ၀မ်းနည်းကြောင်းလေးကို ဖတ်ရလို့ ဇာတ်လမ်းတစ်ပုဒ် အဖြစ် ရွေးထုတ်တင်ပြလိုက်မိပါ တယ်ကွယ်။ ကျမ်းမာရေးအတွက် လူတိုင်းအထူး သံဝေဂယူကြစေချင်ပါတယ်။


ကျွန်တော့်ရဲ့ ညီလေးက လည်ချောင်းကင်ဆာနဲ့ အဆုတ်ရောဂါနှစ်မျိုး ခံစား နေရတာပါ။ ပထမအကြိမ် အဆုတ်ရောဂါက တစ်နှစ်တိတိဆေးထိုး၊ ဆေးစားနဲ့ ကုသလို့ ပျောက်ကင်းခဲ့ပါတယ်။ လည်ချောင်းကင်ဆာကိုတော့ မသေခင်(၂)လ အလိုကမှ သိခဲ့ရပါတယ်။ မစားနိုင်တာကတော့(၆)လလောက် ခံစားခဲ့ရပါတယ်။ ကင်ဆာလို့ ဆေးစစ်သိရချိန်မှာ ယခင်က အဆုတ်ရောဂါပါ ပြန်လည်တွေ့ရှိရပါတယ်။

နယ်မှာ ကုမရတော့ ဆရာဝန်ကြီးများညွှန်ကြားစာနဲ့ ပထမအကြိမ် မန္တလေးဆေးရုံကြီးကို သွားရောက်ကုသပါတယ်။ သက်ဆိုင်ရာ ဆရာဝန်ကြီးက ပြင်ပအထူးကုဆေးခန်းမှာဆိုတော့ အဲဒီဆေးခန်းကို သွားရောက်ပြသရပါတယ်။ လည်ချောင်းက အစာ၊ရေ လုံးဝမမြိုနိုင်တော့ ဗိုက်ခွဲပြီး ပိုက်တပ်ရမယ်၊ အစာသွင်းရမယ်၊ အားပြည့်လာရင် လည်ချောင်းကို ချဲ့မယ်။ပြီးရင် ဓာတ်ကင်ကြမယ် လို့ပြောပါတယ်။ ဒီပြင်ပအထူးကုဆေးခန်းမှာ စုစုပေါင်း ကုန်ကျငွေ(၆)သိန်း ကုန်ပါမည်။ (စားစရိတ်၊ကားခများမပါသေးပါ)။ ကုန်စရာငွေ မတတ်နိုင်ကြောင်း ရင်ဖွင့် ပြောရပါတယ်။ ဒါကြောင့် အဲဒီဆရာဝန်ကြီးက မန္တလေးတိုင်းဆေးရုံကြီးကို တက်ရန် လက်မှတ်ရေးထိုးပေးပါတယ်။ ငွေမတတ်နိုင်ကြောင်း ပြောလို့ တိုင်းဆေးရုံမှ စိုက်ထုတ် ကုသပေးရန် ပြောပါတယ်။ ဒါပေမဲ့ ဗိုက်ခွဲခါနီးမှာ ကျွန်တော့ညီက မခွဲရဲတော့ပါ။ ကြောက်တာရယ်၊ ခွဲပြီး(၂)လ (၃)လ နေရရင် မဖြစ်ဘူး ဆိုပြီး ပြန်ဆင်းလာခဲ့ပါတယ်။ မန္တလေးတိုင်းရင်းဆေးရုံကြီးကို ပြောင်း၍ တက်ရောက်ကုသပါတယ်။ အနည်းငယ် သက်သာလာ ခဲ့ပါတယ်။ သက်သာလို့ နယ်အိမ်ကိုပြန်ဆင်းလာခဲ့ပါတယ်။ အစာက ဆန်ပြုပ် ခပ်ကျဲကျဲ ကိုသောက်နိုင်လာပါတယ်။မန်းမှာ (၂၅)ရက်လောက်ကြာခဲ့ ပါတယ်။

အိမ်ပြန်ရောက်တော့ တစ်ပါတ်လောက်နေပါတယ်။ ရောဂါများ မသက်သာပြန်လို့ ရန်ကုန်မြို့ကိုဆင်းကုကြပြန်တယ်။ ပြသမဲ့ဆရာဝန်ကြီးက ပြင်ပ အထူးကုဆေးခန်းမှာဆိုတော့ သူရှိရာကို လိုက်လံပြသခဲ့ပါတယ်။ ဆရာဝန်ကြီးက ဒီပြင်ပဆေးခန်းမှာ လုပ်ရင် ငွေကုန်ကြေးကျများမယ်၊ ငွေ(၁၀)သိန်းလောက်ကုန်လိမ့်မယ်သိရပါတယ်။ ဒါကြောင့် ရန်ကုန် ဆေးရုံကြီးကို တင်ပေးလိုက်ပါတယ်။ အထူးကူညီပေးရန်စာလည်း ရေးပေး လိုက်ပါတယ်။ ငွေကုန်ကြေးကျလည်း တော်တော်သက်သာပါတယ်။ ဗိုက်ခွဲ၍ ပိုက်တပ်ပြီး အစာ၊ဆေးများကို သွင်းပေးပါတယ်။ တစ်ပါတ်လောက်ကြာတော့ ဆေးရုံကဆင်းပေးပါတယ်။ (၂၃)ရက်နေ့ ပြန်ပြသရန်ပြောပါတယ်။ မသက်သာရင် ရန်ကုန်(သို့မဟုတ်) တောင်ကြီးကို ပို့ပြီးကုပေးမယ် ပြောပါတယ်။ ဒါကြောင့် နယ်က အိမ်ကိုပဲပြန်လာပါတယ်။

အိမ်ပြန်ရောက်တော့ တီဘီဆေးကို ပိုက်ကပဲ နံနက်(၅)နာရီအချိန်မှန် နေ့စဉ်သွင်းပေးပါတယ်။ အစာကို တစ်ရက်(၄)ကြိမ် ပိုက်ကပဲ သွင်းပေးရပါတယ်။ (၄)(၅)ရက်အတွင်း လူကတော်တော်လေး မာလာပါတယ်။ ပြောနိုင်၊ဆိုနိုင်၊သွားနိုင်၊လာနိုင်ကြီးပါ။ အဲ တစ်ညနေမှာ ဗိုက်ဖေါက်တပ်ထားတဲ့ ပိုက်က ကျွတ်ထွက်လာပါတော့တယ်။ အစာတွေ အပေါက်က ပန်းထွက်လာပါတယ်။ အရေးပေါ် မော်တော်ဆိုင်ကယ်နောက်က တင်စီးပြီး မြို့ထဲက မိသားစုဆရာဝန်ဆေးခန်းကို သွားပါတယ်။ ဆေးခန်းကပိတ်ထားတာကို တွေ့ရပါတော့တယ်။ ဒါနဲ့ အဲဒီဆေးခန်းနဲ့ကပ်လျှက်(……..) နာမည်သုံးလုံးပါတဲ့ ပြင်ပအထူးကုဆေးခန်းကြီးကို အားကိုး တကြီးနဲ့ ၀င်လိုက်မိပါတော့တယ်။ ဆေးခန်းနာမည်ကိုတော့ မပြောလိုတော့ပါဗျာ..။

ဆရာဝန်ကို သွားခေါ်နေတာက တစ်နာရီလောက်ကြာမယ်။ ရောက်လာပြန်တော့ ဟိုလူငေါက်၊ ဒီလူငေါက်နဲ့ပါ။ ကဲလာ ခွဲရမယ်..ပြောပါတယ်။ လူနာ ဆေးခန်းကိုရောက်တာက ညနေ(၆)နာရီပါ။ ကုန်ကျငွေကို သိပါရစေ ဆိုတော့ (၃)(၄)သိန်းကျမယ်။ လုပ်မှာလား၊ မလုပ်ဘူးလား၊ မလုပ်ရင် တိုင်းဆေးရုံကြီးကိုသွား။ လာမဲ့အပါတ် အင်္ဂါနေ့မှ ခွဲရမယ်။ (၅)ရက်စောင့်နေရမယ်ဟု ပြောနေပါတယ်။ ဒါနဲ့ ငွေကိုရအောင်ရှာရမှာပဲ လူက အရေးကြီးပါတယ်။ ခွဲပါဆရာရယ် လို့တောင်းပန်ပြီးအပ်လိုက်ပါတယ်။ ဒါတောင် သူ့ရှေ့မှာ တစ်ယောက်ရှိနေသေးတယ်။ စောင့်ရပါဦးမယ်ပြောလို့ စောင့်နေရပါတယ်။ ည(၁၁)နာရီမှာ ကျွန်တော့်ညီကို ခွဲစိတ်ခန်းထဲကထွက်လာရပါတယ်။

လူနာမှာ အစာမစားနိုင်တာရယ်၊ အရင်ရန်ကုန်ဆေးရုံကြီးမှ ခွဲတဲ့ချုပ်ရိုးဖြီထားရတော့ အသား မကျက်သေးပါ။ အဲဒီဘေးက ဓါးတစ်ကြောင်းရာ ထပ်ခွဲရတာဆိုတော့ တော်တော်လေးကို ခံစားနေရပါတော့တယ်။ မျော့မျော့လေးသာ နေရပါတော့တယ်။ (အော် ..လူနာရဲ့ ခံနိုင်ရည်အားကို မကြည့်ပဲ သူတို့ ငွေရရေးကိုသာ အထူးအလေးထားကြတာကိုး) ဟု စဉ်းစားမိပါတော့တယ်ဗျာ..။ လူနာ မေ့ဆေးပြေတော့ သူတို့ဗိုက်ခွဲပြီးတပ်ပေးတဲ့ပိုက်ကနေ ဆေးသွင်းပါတယ်။ မရတော့ပါ။ ခဲရာခဲစစ် နာရီဝက် တစ်ခါသွင်းပါမှ နည်းနည်းသာ ၀င်ပါတော့တယ်။တာဝန်ခံဆရာမကိုသွားပြောတော့(ကျမတို့ဆေးခန်းမှာ ဒါမျိုးကေ့စ်မလုပ်ဘူးပါတဲ့။ ဗိုက်ကိုထပ်ခွဲပြီး အထဲကပိုက်ကိုပြန်ပြင်ရမည်ဟု ပြောပါတယ်။ မလုပ်ပါနဲ့ဗျာ..ငွေထပ်မကုန်သော်လဲ လူနာက ယဲ့ယဲ့လေးသာကျန်ပါတော့တယ်..ထပ်တော့ မခွဲပါရစေနဲ့လို့တောင်းပန်ရပါတော့တယ်..။)။ ခွဲပေးသော ဆရာဝန်ကြီးကလည်း တစ်ရက် တစ်ခေါက်လာကြည့်သော်လည်း လူနာကို လုံးဝကိုင်မကြည့်ပဲ ဆရာဝန်ကြေးငွေ(၂၀၀၀) ကျပ်ပေးရပါတယ်။ ပြောသွားတဲ့ စကားကလည်း (ကျူပ်တာဝန်က ခွဲပြီးပြီ.. ကျန်တာကို သမားတော် လာကြည့်လိမ့်မယ်…။) တဲ့ဗျာ….။ တစ်ရက်ထက် တစ်ရက် လူနာက အစာမ၀င်တော့ ပိုဆိုးလာပါတော့တယ်..။ အကြောင်းမထူးတော့ပါ။ အထူးကုဆေးခန်းက မလိုအပ်ပဲ ၀ယ်ထားရတဲ့ဆေးတွေနဲ့ ငွေတောင်းတဲ့ ဘောက်ချာစာရွက်တွေကသာ လူနာကို တစ်ကိုယ်လုံး လုံအောင် ခြုံလို့ပေးရင်ရပါတော့မည်….။အထူးကုဆေးခန်းက ဆေးဝယ်ရတဲ့ ဈေးနှုန်းတွေကလည်း အပြင်ဆေးဆိုင်တွေထက် တစ်ဝက်ပိုများနေပါတယ်။ (၃)ရက်မြောက်နေ့မှာ အခြေအနေ မကောင်းတော့ လူနာကို ဆေးရုံပေါ်ကအတင်းဆင်းခိုင်းလိုက်ပါတယ်..။ နေ့(၃)နာရီမှဆေးရုံကဆင်းပြီး အိမ်ရောက် တော့ ညနေ(၆း၃၀)နာရီမှာ ကျွန်တော့ညီလေး သေဆုံးသွားပါတော့တယ်…..။

ကျွန်တော် ဘယ်သူ့ကိုမှတော့ အပြစ်မဆိုချင်တော့ပါ။ ညီလေးရဲ့ ကံတရား..အကျိုးပေးကိုက ကိုယ်ချင်းစာစိတ်မရှိ၊(ငွေရရှိရေးကိုသာ အဓိကထားကြတဲ့) ဗြဟ္မာစိုရ်တရားခေါင်းပါးသူတွေ လောကမှ အမြန် လွတ်ထွက်သွားပြီ.. ဟုသာခံစားတင်ပြလိုက်ရပါသတည်း။


လူတိုင်း၊လူတိုင်း ကျမ်းမာနေစဉ် အသေတတ်၊ အနေတတ်စေမဲ့ တရားတွေဖြင့် နာယူ၊ ကျင့်ကြံ နိုင်ကြပါစေ….။



ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊အောက်တိုဘာလ(၁၉)ရက်၊နေ့(၁း၄၀)နာရီတွင် ရေးပါသည်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel မြန်မာပြည်မှ အမိန့်ရ အေးဓားပြ ပြင်ပ အထူးကုဆေးခန်းများ ini dipublish oleh shwelannwelanwinkyi pada hari Monday, October 19, 2009. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 19 komentar: di postingan မြန်မာပြည်မှ အမိန့်ရ အေးဓားပြ ပြင်ပ အထူးကုဆေးခန်းများ
 

19 comments:

Nai ရဲ့  ရွှေရတုမှတ်တမ်း said... | October 19, 2009 at 6:48 AM

ဝမ်းနည်းကြောင်း အပြေးလာပြောတာ..ပါခင်ဗျာ
ဗမာပြည်မှာ..ဗြဟ္မစိုရ် တ၇ားတွေ..ပျောက်ကွယ်စ..
ပြုနေပြီ ထင်ပါရဲ့ဗျာ...

ကိုအောင်(ပျူနိုင်ငံ) said... | October 19, 2009 at 7:01 AM

သတင်းကြားရတာ လုံးဝ စိတ်မကောင်းပါဘူး အကိုကြီး
ဦးဝင်းကြည်၊ ဆေးရုံးတွေမှာ အများပြည်သူ ကျန်းမာရေး
အတွက် ကျန်းမာရေး အသုံးစရိတ် နည်းပါးမှု သို့မဟုတ် ရှိကို မရှိဘူးလို့ ပြောရလောက်အောင် ဖြစ်
နေတဲ့ စနစ်ဆိုးကြောင့် အခုလို ခါးသည်းတဲ့ အတွေ့
အကြုံဆိုးတွေ ခံစား ရတယ်လို့ ကျနော်ထင်ပါတယ်။
အကိုကြီး ဦးဝင်းကြည်ညီ ကွယ်လွန်သွားတဲ့ အတွက်
ကျန်ရစ်သူမိသားစုနဲ့အတူ ထပ်တူထပ်မျှ ၀မ်းနည်း
မိပါကြောင်း ....

kiki said... | October 19, 2009 at 7:02 AM

ဦးဝင်းကြည်ရဲ့  ညီ ဆုံးပါးသွားရကြောင်းသိရ၍ ဝမ်းနည်းပါသည် ။ ကောင်းရာသုဂတိ လားပါစေ ဟုဆုတောင်းပေးပါသည် ။

သမားအင်္ဂါသိက္ခာများ မရှိကြတဲ့  ဆရာဝန်များနှင့် ကျန်သော အသက်ကယ်တာဝန်ရှိသူများ ၏လူမဆန်မှုများ အား ရှုံ့ ချ အထင်သေး မိပါသည် ။

မချစ်ရ said... | October 19, 2009 at 7:41 AM

ဦးရေစိတ်မကောင်းလိုက်တာ
ဆရာဝန်တွေကလည်းခက်လိုက်တာနော်
ဘာပဲဖြစ်ဖြစ်မရတော့ဘူးဆိုရင်တောင်
ချိုချိုသာသာလေးဆက်ဆံတော့လူနာအားရှိတာပေါ့
ဦး ညီလေး ကောင်းမွန်ရာရောက်ပါစေ လို့
ဆုတောင်းပေးပါတယ်

Than Win Naing said... | October 19, 2009 at 9:29 AM

ဝမ်းနည်းပါတယ် ခင်မျာ။
ခေါင်းစဉ်တောင် ဒီထက် ပိုပြင်းအောင် တပ်ပေးသင့်တယ်။

ဂျူနို said... | October 19, 2009 at 10:12 AM

ခေါင်းစဉ်ကြည့်ပြီး ဖတ်မိပါတယ်။
ရောဂါပြင်းပြင်း ဝေဒနာဆိုးဆိုး နောက်ဆုံးအတွေကြုံခါးခါးတွေနဲ့ ဦးဝင်ကြည်ညီအဖြစ်ကို မှန်းဆကြည့်ရုံနဲ့ တော်တော်ရင်မော စိတ်မောရပါတယ်။

ဒီလိုဆရာဝန်တွေရှိနေတာ ဆေးလောက သိက္ခာကျပါတယ်။
ယိုသူမရှက် မြင်သူရှက်ဆိုတာလိုပါပဲ ရှက်လည်းရှက်စရာကောင်းပါတယ်။

တချို့ က ဆရာဝန်ဆိုတာနဲ့ ပဲ ကိုယ့်ကိုကိုယ် ဘာထင်ကျတယ်မသိပါဘူး။ တနေ့ ကိုယ်လည်း နာရ သေရမှာကို မေ့နေတာလား။

ဆရာဝန်နာမည် ဆေးခန်းနာမည်တွေလည်း ဖော်ပြသင့်ပါတယ်။


မအယ်

တလနွန် said... | October 19, 2009 at 10:27 PM

ဦးဝင်ကြီး ညီ ကောင်းရာသုဂတိ လားပါစေလို့  ဆုတောင်းပေးပါတယ်။

Nge Naing said... | October 20, 2009 at 1:41 AM

စာကိုဖတ်ပြီး များစွာစိတ်မကောင်း ဖြစ်ရပါတယ်။ ကိုလင်းဦး ဘလော့ဂ်ကနေပြီး ရောက်လာတာ ဖြစ်တယ်။ ကျွန်မ ဖတ်ကြည့်တာ အပြင်ဆေးခန်းဆရာဝန်မှာ ကောင်းကောင်းမွန်မွန် မဆက်ဆံတာ ဆက်ဆံရေး ညံ့တာကလွဲပြီး ကျန်တာက တခြားနိုင်ငံတွေက Private ဆေးခန်းတွေနဲ့ သိပ်မကွာပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အပြင်ဆေးခန်းဆိုတာက ပိုက်ဆံ အမြတ်ရရေးအတွက်ပဲ ဖွင့်ထားတော့ ဒီလိုပဲ ရှိပါတယ် သူတာဝန်ယူနိုင်တဲ့ အဆင့်ကို ကန့်သတ်ထားပြီးသား ဖြစ်တယ်။ ခွဲပြီးရင် သူ့တာဝန်ကျေတယ်ဆိုတာ မှန်ပါတယ်။ နောက်ဆက်တွဲ ပြဿနာအတွက် အစိုးရဆေးရုံတွေက အခမဲ့ တာဝန်ယူရပါတယ်။ ခွဲပြီးရင် ပုံမှန် သူတို့ ကုပေးဖို့ သတ်မှတ်ထားတဲ့ အဆင့်ထက် ပိုပြီးဆိုးနေရင် ဒါမှမဟုတ် အရေးပေါ် ဖြစ်လာရင် ချက်ချင်း Ambulane ခေါ်ပြီး အစိုးရဆေးရုံကို ပို့ပါတယ်။ မြန်မာပြည်မှာမှ မဟုတ်ပါဘူး အော်စီမှာလည်း Private ဆေးရုံတွေဟာ ဒီအတိုင်းပါပဲ။ ကွာတာက အစိုးရရဲ့ ကျန်းမာရေး စောင့်ရှောက်မှုပဲ ကွာပါတယ်။ မြန်မာပြည်မှာ အစိုးရရက ကျန်းမာရေးကို လုံးဝတာဝန်မယူတဲ့အပြင် ကင်ဆာရောဂါ ဝေဒနာသည်တွေရဲ့ ဘ၀နောက်ဆုံး အချိန်တွေအတွက် ဘာ Programme မှ လုပ်ပေးခြင်း မရှိတာပါပဲ။ ကိုဝင်းကြည်ပြောတဲ့ ကံတရားဆိုတာ မှန်ပါတယ်။ ကျွန်မလည်း ထပ်တူထပ်မျှ ခံစားရပါတယ်။

နေစိုးနိုင် said... | October 20, 2009 at 7:43 PM

ကိုလင်းဦး ဆီကနေတစ်ဆင့်လာခဲ့တာပါအစ်ကိုကြီး
သာမန်ထက်ပိုတဲ့ ၀မ်းနည်းမှု လား မကျေနပ်မှုလား ခွဲခြားမသိတဲ့ခံစားချက်တစ်ခုရသွားကြောင်းပါ။

ဆိုးရွားလွန်းလှပါတယ်ဗျာ ။ ဘလော့ပေါ်မတင်နိုင်ဘဲ လူမသိသူမသိ ထွက်သွားရတဲ့ဘ၀တွေဘယ်လောက်တောင် များနေပြီလဲ . . .

မကျေနပ်ဘူးဗျာ .. ဘာလုပ်ပေးရမှန်းလည်းမသိဘူး

ဝမ်းနည်းရပါတယ် အစ်ကိုကြီး . . .

နေ့အိပ်မက် said... | October 21, 2009 at 8:07 AM

နေ့အိပ်မက်လည်း ကိုလင်းဦးဆီက ရောက်လာတာပါ.. ကိုယ်တိုင်ဖြစ်သလိုပဲ စိတ်မကောင်းဖြစ်ရပါတယ်.. မြန်မာပြည်က ဆရာဝန်တွေ ဘာလို့ အဲလိုတွေဖြစ်ကုန်လည်း နားမလည်နိုင်တော့ဘူး. ဒီလိုမျိုးအဖြစ်အပျက်က တစ်ခါနှစ်ခါလည်း မဟုတ်တော့ဘူး.. လူတွေဒီလောက်ခံစားနေရတာ သူတို့မသိကြဘူးလားမသိ....

မောင်ကောင်း said... | October 22, 2009 at 2:56 PM

ဦးကြည်ရေ.. ဦးကြည်ရဲ့ညီအကြောင်းကြားရတာာ စိတ်မကောင်းဖြစ်မိပါတယ်... ဘုရားရှင်ရဲ့တရားတွေကို ဆန့်ကျင်ဘက်လုပ်တဲ့ လူတွေ နည်းသထက်နည်းပါစေလို့ပဲ ဆုတောင်းပေးပါတယ်..။ ဦးကြည်ရဲ့ညီ ကောင်းရာသုဂတိလားပါစေဗျာ...။

အနမ်း said... | October 23, 2009 at 9:25 PM

ဦးရေ ခုလိုအကြောင်းစုံသိရလို့ ပိုပြီးစိတ်မကောင်းဖြစ်ရ ပါတယ်။ ဦးရဲ့ ညီကောင်းရာသာဂတိလားပါစေ။

Dream said... | October 25, 2009 at 5:36 AM

စိတ်မကောင်းဘူး ဦးဦး....
ဦးဦးရဲ့ ညီလည်း ကောင်းရာသုဂတိ လားပါစေ...

moeswe-moeswe said... | October 26, 2009 at 11:46 AM

ဦးဦးရေ
ဝမ်းနည်းကြောင်း ပြောပါရစေ
ဒီနေ့ ဦးဦးလင်းဦးဘလော့ကို ရောက်မှ ဦးဦး ညီလေး ဆုံးတယ်ဆိုတာ သိရတယ်
စိတ် တကယ်မကောင်းပါဘူးရှင်

zox said... | October 30, 2009 at 6:38 AM

စိတ်မကောင်းပါခင်ဗျာ။ လူတိုင်း မိမိပြုသည့်ကံ မိမိထံပြန်လာမှာပါ။ ၀ဋ်ဆိုတာ လည်တတ်ပါတယ်။ ဦးရဲ့ ညီ ကောင်းရာမွန်ရာ ရောက်ပါစေ။

Lyn Lyn said... | November 3, 2009 at 8:19 AM

မြန်မာပြည်က ဆရာဝန်တွေမှာ ကိုယ်ချင်းစာစိတ်ရှိသူတွေ ရှားပါးကုန်ပြီထင်ပါတယ်။ အတော်များများက ဆေးတသက္ကသိုလ်တက်တဲ့ ရည်ရွယ်ချက်က မကျန်းမာသူတွေကို စောင့်ရှောက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တက်ရောက်နေသူ ရှားပါတယ်။ ချမ်းသာဖို့ ဂုဏ်ရှိဖို့အတွက် အဓိကထားသူတွေ များမယ်ထင်ပါတယ်။

မော်စီ said... | November 6, 2009 at 5:42 AM

ဝမ်းနည်းစရာ ဇာတ်လမ်းလေးပါပဲ။ ငွေနောက်လိုက်တဲ့ ဆရာဝန်တွေ အဲဒီငွေတွေနဲ့ အခုချိန်မှာ ထမင်းဝနေပေမယ့် အချိန်တန်တော့လည်း ၀ဋ်လည်မှာပါ။ ကို့ကံကြမ္မာ ကိုပဲ ဖန်တီးနေတာပါ

KO GYI said... | November 9, 2009 at 3:31 AM

ဦးရေ
အခုမှ သိလိုက်ရလို့ စိတ်မကောင်းကြီးစွာဖြစ်ရပါတယ်
လူမသိ သူမသိနဲ့ တိရိစ္ဆာန် တစ်ကောင်ထက်တောင် တန်ဖိုးမဲ့စွာနဲ့ လောကကြီးကထွက်ခွါသွား
ရသူတွေ အများကြီးဗျာ။ ဝမ်းနည်းမိပါတယ်။

meilaydiary said... | November 10, 2009 at 5:03 AM

ကိုလင်းဦးဆီက တစ်ဆင့် လာဖတ်သွားပါတယ်..
ဦးရဲ့ညီ အဖြစ်ကို ကြားရတာ မိသားစုနဲ့ ထပ်တူများစွာ စိတ်မကောင်းဖြစ် ရပါတယ်...
ခုနောက်ပိုင်း ဆရာဝန်အများစုက ပိုက်ဆံကိုပဲ ကြည့်လာကြတာ အမှန်ပါ...
နောက်လူနာတွေ ဒီလိုဆရာဝန်မျိုးတွေနဲ့ မကြုံပါစေနဲ့ လို့ ဆုတောင်းရတော့မှာပဲ...
ဦးရဲ့ညီ ကောင်းရာသုဂတိလားပါစေလို့ ဆန္ဒပြုလျက်