မကွေးမြို့မှ SHADE စာပေ၀ိုင်း (၃၂)





Shade32
မကွေးမြို့မှ SHADE စာပေ၀ိုင်း (၃၂)
၂၆-၆-၂၀၁၁၊ တနင်္ဂနွေနေ့ နေ့(၁၂)နာရီမှ ညနေ(၃)နာရီအထိ မကွေးမြို့၊ ရန်ကျော်ရပ်၊ သုခိတာလမ်းနှင့် ပိတောက်လမ်းကြား က FOREVER လက်ဖက်ရည်ဆိုင် ဥယျာဉ် မှာ ပေါင်းဆုံ ၀ိုင်းဖွဲ့ဖြစ်ကြပါတယ်။ ဒီတစ်ပတ် SHADE စာပေ၀ိုင်း (၃၂)ကြိမ်ပါ။ စာပေ၀ိုင်းစတင်လာခဲ့တာ မြန်မာနှစ်ဆန်းတစ်ရက်နေ့၊ တနင်္ဂနွေနေ့ တစ်ပတ်သာ SHADE စာပေ၀ိုင်း တစ်ပတ်နားခဲ့ပါတယ်။ ဒါကြောင့် Shade စာပေ၀ိုင်းသက်တန်း (၈)လနဲ့ တစ်ပတ် ပြည့်ခဲ့ပါပြီ..။ ယခုတက်ရောက် လာကြတဲ့ ၀ိုင်းတော်သားများကတော့ ဆရာတက္ကသိုလ်ရည်ရွယ်၊ ဆရာနေခြည်(မကွေး)၊ ဆရာဇော်မြင့်ဇော်(ဗန္ဓရ)၊ ပန်းချီဆရာမြင့်ဇော်ဦး၊ ဆရာလွမ်းရ(မကွေး)၊ ဆရာတင်လင်းဇော်၊ ဧည့်သည်တော် စာပေ၀ါသနာရှင် ဆရာအောင်ကျော်တိုး (ငွေကြယ်ဖြူစာပေ)၊ ဆရာသိန်းလင်း နှင့် စာရေးသူတို့ဖြစ်ကြပါတယ်။
ဒီတစ်ပတ် ဆရာမကွေးဝင်းမြင့် ခရီးထွက်နေလို့ ပဏာမ ပြောကြားသူကတော့ ဆရာတက္ကသိုလ်ရည်ရွယ် (ခ) ညီဇေယျ ဖြစ်ပါတယ်။ သူဖတ်ကြား ဆွေးနွေးတာကတော့ (၀န်ချတောင်နှင့် ရသစာတမ်းများ) စာအုပ်ထဲက ဆရာမောင်ရင့်မာ(ကျောင်းကုန်း) ရေးသားတဲ့ ( ရေနည်းနည်း အိုးသေးသေး) ရသစာတမ်းကို ခြုံငုံပြီး ပြောကြားသွား ပါတယ်။ လွန်ခဲ့တဲ့(၁၀)နှစ်လောက်က မြေလတ်မြို့ကလေးမှာ ငွေရတုအထိမ်းအမှတ် မဂ္ဂဇင်းထုတ်ခဲ့စဉ်အခါ သူ့ကို အယ်ဒီတာလုပ်ခိုင်းခဲ့ပါတယ်။ သူအယ်ဒီတာလုပ်ခဲ့စဉ်အခါက အားနာစရာ၊ ရှုက်စရာ ဖြစ်စဉ်လေး တစ်ခုအကြောင်းပါ။ ဆရာမင်းသူ့ဝဏ် ထံ ကဗျာတောင်းခံပုံ၊ ဦးလေးကြီးဦးတင်မောင်ထံ စာမူတောင်းခံပြီး စာမူခ(၅၀၀) ကျပ်စီ ကန်တော့ကြ ပါတယ်။ ဆရာကြီးနှစ်ပါးလုံးက စာမူခများပေးတာ များနေပါကြောင်း ပြောပြီး မဂ္ဂဇင်းထုတ်တဲ့ ဘုန်းကြီးကျောင်းမှ ဆွမ်းကွမ်းအတွက်ဆိုပြီး စာမူခများကိုပြန်လည် လှူဒါန်းလိုက်ကြပါတယ်။ နောက် မိတ်ဆွေတစ်ယောက်က စာမူခပေးပြီး တိတ်ခွေ တစ်ခုယူလာပါတယ်။ အဲဒီတိတ်ခွေက စာမူတိတ်ခွေဟု ပြောပါတယ်။ ဒါပေမယ့် အဲဒီတိတ်ခွေစာမူ ကို မဂ္ဂဇင်းမှာ မသုံးဖြစ်လိုက်ပါ။ မဂ္ဂဇင်းထွက်ပြီး အသက်(၆၅)နှစ်ခန့် အမျိုးသမီးတစ်ဦးနဲ့ စာမူယူလာသော မိတ်ဆွေက ယခင်ကြိုတင်ပေးထားတဲ့ စာမူခ(၅၀၀) ကျပ်ကိုပြန်ပေးပါတယ်။ သူ့စာမူ မဂ္ဂဇင်းမပါလို့ ပြန်ပေးပါကြောင်း။ ယခု အမျိုးသမီးကြီးမှာ တိတ်ခွေနှင့် စာမူပေးတဲ့သူရဲ့ ညီမရင်းဖြစ်ပါကြောင်း။ သူတို့မောင်နှမများမှာ မိဘကို လေးလေးစားစား လုပ်ကြွေးနေကြသူများဖြစ်ပြီး တစ်မြို့လုံးမှာ စီးပွားရေးလည်းအောင်မြင်ထွန်းပေါက်၍ စံပြုထားသူများဖြစ်ကြောင်းသိရ၏၊။ သူ့ညီမပြောစကား ကြောင့် ကျွန်တော် တော်တော်လေး အားနာပြီး ရှုက်စရာဖြစ်သွားခဲ့ပါတယ်။
`` ကိုကိုက သိပ်ပြီး စာရေးဆရာဖြစ်ချင်တာပါ..။ သူစာမရေးနိုင်တာကို တိတ်ခွေနဲ့ စာမူပေးလိုက်တာပါကွယ်…။ ကိုကို ဘာကြောင့် စာမရေးနိုင်လဲဆိုတော့ ဂျပန်ခေတ် တော်လှန်ရေးတုံးက သူ့လက်ကို သေနပ်ထိမှန်ခံလိုက်ရပြီး စာမရေးနိုင်ဘဲဖြစ်သွားတာပါကွယ်..။´´
ထိုအဖြစ် အပျက်ကလေးကိုတွေးမိတိုင်း အခါများစွာ ရှုက်ရွံ့ကြောက်လန့် ကြေကွဲခဲ့ရပါတယ်။ ကျွန်တော်တို့မှာ တင်္ဒဂ မျှ အတ္တဆူးချွန်ချွန်လေးကို ရှေ့တန်းတင်ပြီး ဆုံးဖြတ်တတ်ကြပါတယ်။ စတဲ့… စတဲ့.. အယ်ဒီတာရဲ့မာနလေးကို မှတ်သားစရာ ရသစာတမ်းအား ဆရာတက္ကသိုလ်ရည်ရွယ်က ခံစားဖတ်သွားပါတယ်။
ဆရာနေခြည်(မကွေး) ကလည်း စာနယ်ဇင်းအဖွဲ့ စာပေပြိုင်ပွဲကိစ္စ၊ မိသားစုကိစ္စ၊ ရပ်ကွက်လူမှုရေးကိစ္စတွေနဲ့ မအားမလပ်တဲ့ကြားမှ Shade စာပေ၀ိုင်းကို အားခဲပြီးလာခဲ့ရပါကြောင်း၊ စာဖတ်ချိန်နည်းနေလို့ စောစောက (၀န်ချတောင်နှင့် ရသစာတမ်းများ) စာအုပ်ထဲက အတိုအစ ကဗျာလေးကို ရွတ်ပြလိုကြောင်းဆိုပြီး ခံစားရွတ်ဆိုသွားပါတယ်။
`သမီးလေးအတွက် ထီးကလေးတစ်လက်´
သားကဓါး သမီးကထီး၊ မိဘတွေအတွက် မျှော်လင့်ချက်၊ သို့ပေမယ့် တစ်ကယ့်တကယ်ဘ၀မှာတော့ ၊ မိဘကပဲ သားအတွက်ဓါးဖြစ်ရ၊ သမီးအတွက် ထီးဖြစ်ရ၊ ကြားဖူးတဲ့စကား မှားများ မှားနေသလား။ (၂၀၀၅၊ မေလ၊ မဟေသီမဂ္ဂဇင်းထဲက ဆရာမောင်တည်ငြိမ် ကဗျာမှ( ဓါးနဲ့ထီး) ကိုအခြေခံကြောင်း ဖော်ပြထားပါသည်။)
နောက်ကဗျာ အတိုအစ တစ်ခုကတော့ ` ပုရွက်ဆိပ်တစ်ကောင်စာ လရောင်´
ဒါနဲ့တောင် ပုရွက်ဆိပ်တစ်ကောင်စာ သူ့ကိုယ်ပေါ်မှာ ဘာကြေင့် လရောင်မသာတာလဲ၊ ဒါပဲစိတ်နာတဲ့ ကျွန်တော်။
ဒီကဗျာအတိုအစလေးက ကျွန်တော့်ရင်ထဲကို တစ်စုံတရာ အတွေးများ ၀င်ရောက်ခံစားလာပါတယ်။ စာရေးသူ ဆရာမောင်တည်ငြိမ် ရဲ့ ဒီရသစာတမ်းစာအုပ်ကတော့ အစ အဆုံး ဖတ်သင့်ပါတယ်လို့ ဖတ်ညွှန်း ပြောဆိုသွားပါတယ်။
ဆရာဇော်မြင့်ဇော်(ဗန္ဓရ)ကလည်း ဆရာနေခြည်ပြောသလိုပါပဲလို့ စတင်ဆိုလာပါတယ်။ မကွေးတက္ကသိုလ် မဂ္ဂဇင်းမှာ သူရေးခဲ့တဲ့(အရွေးမခံရတဲ့) ကဗျာလေးကိုခံစား ရွတ်ဆိုပါတယ်။
ဆရာလွမ်းရ(မကွေး) ကတော့ နီမောင်(အင်းဝ)ရဲ့ (ပန်းနု နှင်းဆီ) ကဗျာစာအုပ်ထဲက (နှင်းဆီ ချစ်သူ) ဆိုတဲ့ ကဗျာကို ရွတ်ဆိုပါတယ်။ မရွတ်ဆိုခင် ရှင်းပြပါတယ်။ သူ့ရဲ့အမျိုးသမီးက ယောက်ကျားကို ယုံကြည်အောင်စိတ်ချအောင် ခံစားပြောဆိုသွားတဲ့ ကဗျာလေးပါ။ အစလေးက
` ချစ်ဇနီးမရီက နှင်းဆီပင်စိုက်ချင်သတဲ့၊ စိုက်ပါ စိုက်ပါ မတားပါဘူး။ အားပေးပါတယ် စံပယ်လို သဇင်လို ဇွန်လို သစ်ခွလို လှလွန်းလို့ မွှေးလွန်းလို့ ဒို့တော့ခူးမယ် ဒို့တော့ဆွတ်မယ် အလွယ်တကူ အချူခံရ၊ အလွယ်တကူ အဆွတ်ခံရ၊ အလွယ်တကူ အခူးခံရ၊ အလွယ်တကူ အချွေခံရ၊ ခံဘက်ကပန်း မနှစ်မြို့ မစိုက်ပျိုး၊ တန်ဘိုးမထား မလေးစား။ လေးစားချစ်ကြည် နှင်းဆီပင်သာ စိုက်ချင်တယ်။ နှင်းဆီ ရနံ့ မွေးပျံ့ပါတယ်၊ နှင်းဆီရဲ့အဆင်း လှပခြင်း နှင့် ပြည့်စုံတယ်။ နောက်ပြီးတော့ကား နှင်းဆီမှာ ခိုင်မာတဲ့လည်တိုင်လည်းရှိတယ်။ သူ့ကိုယ်ထဲမှာ ရဲရင့်တဲ့ဆူး ထူးခြားစွာရှိတယ်။ (ကျွန်တော်အကြိုက်ဆုံးအပိုဒ်ကို ရောက်ပါပြီ)။ နှင်းဆီပန်းဟာ အခြားပန်းလို ခူးလိုကခူး ဆွတ်လိုကဆွတ် ညွှတ်မပေးဘူး၊ ဝေးပါသေးတယ်။ ဆူးနဲ့ကာကွယ်ထားတယ်။ နှင်းဆီပန်းဟာ ဒါတွေကြောင်မို့ ဒို့ကချစ်တယ်။ လေးစားတယ်။ ချစ်ဇနီးရဲ့ချိုမြတဲ့စကား၊ နားထဲစိမ့်ဝင် မင်းဟာ ကဗျာဆရာရဲ့ဇနီးအပီကြီး ပီသပါပေတယ်။´(၁၉၈၅၊ မိုးဝေမဂ္ဂဇင်းမှ ကဗျာဖြစ်ပါတယ်။ စာရေးသူ ကိုနီမောင်ဟာ ၁၉၉၄ ခုနှစ်ကဆုံးပါးကွယ်လွန်သွားခဲ့ပါတယ်။ ကိုနီမောင် (၁၇)နှစ်မြောက် အလွမ်းကဗျာဖြစ်ပါကြောင်း)။ ကဗျာဆရာလွမ်းရ(မကွေး) က ကဗျာဆရာကိုနီမောင်အား တမ်းတမ်းတတနဲ့ မျက်ရည်ကျမတတ် ခံစားသီဆိုသွားခဲ့ပါတယ်။
ဆရာတင်လင်းဇော်ကတော့ SHADE စာပေ၀ိုင်းကို (၃)ပတ်လောက် ပျက်ကွက်ခဲ့လို့ တောင်းပန်လာပါတယ်။ ဆရာဇော်ဂျီ ရဲ့ ကျွန်တော်စီရီးကို ပြောကြားပါတယ်။ အက်ဆေး အကြောင်း ခံစားပြောဆိုသွားပါတယ်။ (ပုဂံမြို့ဟောင်းနှင့် ကျွန်တော်) အက်ဆေးကို အကြိုက်ဆုံးဖြစ်ကြောင်း အကျယ်တ၀န့်ပြောကြားသွားပါတယ်။ နောက်ပြီး တက္ကသိုလ်ဝင်းမော် ရေးတဲ့ (ဆားဒယ်)ဆိုတဲ့ အကြောင်းအရာ ဦးစားပေးတဲ့ အက်ဆေးကို ပြောပါတယ်။လှေလိုမဟုတ်တဲ့ ရေထဲမှာ ဆားဒယ်ဆိုတာ လေးထောင့်စပ်စပ် ပလက်ကြီးနဲ့ ဦးမပါ၊ ပဲ့မပါဘဲ၊ ချာချာလည်လှော်ခပ်နေတာကို ပြထားပါတယ်။ဆားဒယ်ပေါ်ကို တက်ရတာလည်းမလွယ်၊ ဆင်းရတာလည်းမလွယ်ပါဘူး။ တက်မိလိုရှိရင်လည်း တိမ်းစောင်းပြီးမှောက်မသွားအောင် ညိမ်ပြီးအသာလေး ထိုင်နေကြရပါတယ်။ လှေလို ဘောက်တူတွေလို ဦးတည်ရာကို တည့်တည့်မတ်မတ်ခရီးရောက်အောင် ဆားဒယ်က မသွားနိုင်ပါဘူး။ ကျော်တက်သွားနေကြတဲ့ လှေတွေ ဘောက်တူကြီးတွေကိုလည်း ဆားဒယ်ပေါ်က လက်ပြနှုတ်ဆက်ပေးကြပါတယ်။ ဒါကို ကျွန်တော်တို့ငယ်ငယ်တုံးကတော့ မင်းတို့ကဘောက်တူလှေကြီးတွေပဲ သွားနှင့်ကြပါ။ ငါတို့ကတော့ ဆားဒယ်တွေပါကွာလို့ ဖြေသာပြီး ပျော်ရွင်စွာပြောဆိုနိုင်ခဲ့ကြပါတယ်။ ယခု အသက်ကြီးလာတဲ့ ဘ၀ကိုရောက်လာတော့ လူဘ၀ကြီးကိုလည်း ဆားဒယ်စီးရသလိုသဘောမထားနိုင်ကြတော့ပါဘူး။ ဘောက်တူလှေကြီး တွေနဲ့တူတဲ့ မိမိထက် ပညာရေး၊ စီးပွားရေး သာသူတွေက ကျော်တက်သွားသူတွေကို မုဒီတာ မပွားနိုင်ကြတဲ့အကြောင်း တွေကို ဆားဒယ်မှာ ရေးဖွဲ့ထားပါတယ်။ အကြောင်းအရာကို အားကောင်းကောင်းနဲ့ အက်ဆေးတစ်ပုဒ်ဖြစ်ပါကြောင်း ဆရာတင်လင်းဇော်မှ ခံစားပြောဆိုသွားပါတယ်။
ဒီတပတ် SHADE စာပေ၀ိုင်းမှာ နာမကျန်းထောက်ပံ့ငွေ အတွက်အလှူငွေပေးအပ်ပွဲလေး တစ်ခုကျင်းပပေးပါတယ်။ SHADE စာပေ၀ိုင်းတော်သား တစ်ဦး ပန်းချီဆရာသူရိန်မြိုင်ရဲ့ ဇနီးမဖြူ ကျန်းမာရေးမကောင်းလို့ ဆေးရုံးတက်နေရပါတယ်။ မနေ့က ဆရာမကွေးဝင်းမြင့် နဲ့ စာရေးသူကျွန်တော်တို့ မကွေးတိုင်းဒေသကြီးဆေးရုံးကို လူနာမေးသွားခဲ့ကြပါတယ်။ လိုအပ်တာများကို ကူညီပေးရန် အားပေးစကားပြောကြားခဲ့ပါတယ်။ ဒါကြောင့် ယနေ့ SHADE စာပေ၀ိုင်းမှာ ပန်းချီဆရာသူရိန်မြိုင် မလာနိုင်သော်လည်း (သူ့ကိုယ်စား) ပန်းချီဆရာမြင့်ဇော်ဦးထံ မဖြူအတွက် နာမကျန်းထောက်ပံ့ငွေ (၃၀၀၀၀ိ)သုံးသောင်း ကျပ်အား SHADE ဂျာနယ် မကွေးရုံးခွဲ သတင်းတာဝန်ခံ နေခြည်(မကွေး) က အယ်ဒီတာချုပ်ကိုယ်စား လှူဒါန်းချီမြှင့်ပေး လိုက်ပါတယ်။
စိတ် အဟာရပြည့်ဝအောင် SHADE ဂျာနယ်ကိုဆောင်လို့ ဘ၀အတွက် သုတ၊ရသစုံတဲ့ SHADE စာပေ၀ိုင်းသို့ သွားကြပါစို့..။

ရွှေလမ်းငွေလမ်းဝင်းကြည်

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel မကွေးမြို့မှ SHADE စာပေ၀ိုင်း (၃၂) ini dipublish oleh shwelannwelanwinkyi pada hari Thursday, September 15, 2011. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 2 komentar: di postingan မကွေးမြို့မှ SHADE စာပေ၀ိုင်း (၃၂)
 

2 comments:

Ko Thar Mon said... | August 11, 2016 at 10:13 PM

ဆားဒယ် ရေးသူ တက္ကသိုလ်ဝင်းမွန် ပါ ..ဝင်းမော် မဟုတ်ပါ...

Ko Thar Mon said... | August 11, 2016 at 10:14 PM

ဆားဒယ် ရေးသူ တက္ကသိုလ်ဝင်းမွန် ပါ ..ဝင်းမော် မဟုတ်ပါ...