အမှတ်စဉ်(၅) ၁၆-၁၂-၂၀၁၁ ` ကိုယ့်အရေးထက် သူများအရေးကို ဦးစားပေးနေသူ´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်စဉ်(၅) ၁၆-၁၂-၂၀၁၁ ` ကိုယ့်အရေးထက် သူများအရေးကို ဦးစားပေးနေသူ´ ညက ကူဖြူရွာစာပေဟောပြောပွဲ အပြီးအိပ်လိုက်ကြတာ နံနက်(၆) နာရီမှ အိပ်ယာက နိုးကြပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ အိမ်မှာ ထနေကျ နံနက်(၅)နာရီမှာ နိုးပါတယ်။ ကိုယ့်အရေးအတွက် ဘုရားရှစ်ခိုးပါတယ်။ အများအကျိုးအတွက် မေတ္တာပို့ပါတယ်။ နံနက် (၇)နာရီမှာ ကူဖြူရွာ ဘုန်းကြီးကျောင်းကိုသွားကြပါတယ်။ ကူဖြူရွာရဲ့ တောင်ဘက်မှာက ချောက်ကမ်းပါးတွေထူထပ်စွာ ရှိပါတယ်။ ဆရာတော်ကတော့ ဟိုးယခင် အခါက ဒီနေရာတွေထိ ပင်လယ်ရေတွေများ ရောက်တယ်ထင်ကြောင်း ပြောပါတယ်။ ဘာကြောင့်လည်းဆိုတော့ အဲဒီ ချိုင့်ဝှမ်း တောင်ကုန်းကြားတွေကနေ ကျောက်ဖြစ် ရုပ်ကြွင်းတွေ ပုံစံအမျိုးမျိုးနဲ့ တွေ့ခဲ့ရကြောင်း၊ ကျောက်လိပ်ကြီးတစ်ကောင် ပါတယ်။ အဲဒီ ကျောက်လိပ်ကြီးတစ်ကောင်ကို သက်ဆိုင်ရာမှ လာရောက်တောင်းယူသွားကြောင်း။ အခြား လူရိုး ကျောက်ဖြစ်ရုပ်ကြွင်းများ နဲ့ ရှေးခေတ်က အသုံးအဆောင် ပစ္စည်း အိုး ခွက် ပုဂံ ပုံစံလေးတွေလည်း တွေ့ခဲ့ရကြောင်း၊ အခြား ဆင်စွယ်လိုလို ဆင်းကောင်ကြီးမှ အရိုးအစုံ ကျောက်ဖြစ်ရုပ်ကြွင်းများကို လည်းတွေ့ရပါကြောင်း၊ ဆရာတော်ဘုရား ရှင်းပြတာကို နားထောင်ပြီး မှတ်တမ်းတင် ဓာတ်ပုံများရိုက်ခဲ့ကြပါတယ်။ ကူဖြူရွာက နံနက် (၈း၃၀) မှာပြန်ထွက်လာကြပါတယ်။ မနေ့ကလို ဆိုင်ကယ်သုံးစီးနဲ့ ပြန်လာပါတယ်။ အပြန်ခရီးမှာ ဆူးတောကျေးရွာက (၁၆) ကုတင်ဆန့် တိုက်နယ်ဆေးရုံး ဆောက်လက်စ လုပ်ငန်းခွင်ကို ၀င်ခဲ့ကြပါတယ်။ ဆူးတောကျေးရွာ အုပ်ချုပ်ရေးမှူး ကို တိုက်နယ်ဆေးရုံးကိစ္စ အပြည့်အစုံကို အင်တာဗျူးခဲ့ကြပါတယ်။ အလှူငွေပြတ်သွားလို့ တန်းလမ်းကြီး ဖြစ်နေကြောင်းသိရပါတယ်။ ဒီသတင်းကို အလှူရှင်ပေါ်လာအောင် သတင်းဂျာနယ်များ နဲ့ အင်တာနက် ကျွန်တော့် ၀က်ဆိုဒ်မှာ ကြော်ငြာပေးမယ်လို့ ဂတိပေးထားခဲ့ပါတယ်။ ဆေးရုံ ပင်မ အဆောက်အဦးကြီးကို လက်စသတ်ဖို့ လိုငွေသိန်း(၃၀၀) ခန့်ဖြစ်နေကြောင်း ကြားသိခဲ့ရပါတယ်။ ချောက်သို့ နေ့(၁၁း၃၀) နာရီမှာ ရောက်ကြပါတယ်။ ချောက်မြို့ ဘုရင့်နောင်တံတားထိပ်လမ်းက ဦးချစ်ထမင်းဆိုင်မှာ နံနက်စာထမင်းကို ကူဖြူကျေးရွာအုပ်ချုပ်ရေးမှူး ကိုအောင်မျိုးဝင်းမှ ကျွေးပါတယ်။ ကူဖြူရွာ စာပေဟောပြောပွဲအတွက် ကျွန်တော်တို့ စာရေးဆရာ နှစ်ဦးကို ငွေကျပ်(၅၀၀၀)စီ ပေးပါတယ်။ ညနေမှာ ချောက်မြို့ ပြန်/ဆက် ဦးစီးမှူး ဦးသန့်ရှင်းမောင်ရဲ့ သမီး၏ (၁၉) နှစ်မွေးနေ့ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကတော့ နေ့လည်(၂) နာရီ နောက်ဆုံးကား ရွှေမိတ်သစ်လိုင်းကားနဲ့ မကွေးကိုပြန်ခဲ့ကြပါတယ်။ ညက အိပ်ရေးပျက်တော့ တစ်လမ်းလုံး အိပ်ပြီးလိုက်လာခဲ့ကြပါတယ်။ ရေနံချောင်းမြို့ရောက်တာ့ မြစိမ်းရောင် ရုပ်ရှင်ရုံ မရောက်မှီ လမ်းနှစ်ခွ အတက် အဆင်းကြီးမှာ ဒိုင်နာကားတစ်စီးက ချောင်းတံတားအကူးပေါ်က လူသွားလမ်းကျင်းလေထဲကို ခေါင်းထိုးနေတာ မြင်တွေ့ရပါတယ်။ မြောက်ဘက် အဆင်းကြီးကနေ ဘရိတ်ပေါက်လာတယ်ထင်ပါတယ်။ တော်သေးတာပေါ့ လူသွားလမ်းက ကာထားတဲ့ တံတားပိုက်လုံးတွေများကြိုးကျသွားရင် သွားပေတော့ ချောက်ကမ်းနက်ကြီးထဲ။ ယခုတော့ အဲဒီကား ခေါင်းက မီးလုံးတွေလောက်သာ ကွဲနေတာတွေ့ရပါတယ်။ ရှေမှန်ကြီးတောင် လုံးဝမကွဲပါဘူး။ သတင်းဓာတ်ပုံရိုက်ဖို့ ထုတ်လိုက်တော့ ကျွန်တော်တို့ စီးလာတဲ့ ကားကြီးက မရပ်တော့ မရိုက်ဖြစ်ခဲ့ပါ။ မကွေးမြို့ကို ညနေ(၆)နာရီလောက်မှာ ရောက်ကြပါတယ်။ အိမ်ကိုရောက်တော့ ကျွန်တော်ထိုင်တဲ့ အမေထွားဆီဆိုင်က ကျွန်တော်မရှိလို့ ဈေးရောင်းလို့ မကောင်းကြောင်း သမီးနဲ့ ကျွန်တော့် ဇနီးက ပြောပါတယ်။ ကျွန်တော်ရှိတဲ့ အချိန်မှာ ဈေးရောင်းကောင်းတယ်ဆိုတာက ကျွန်တော့်ကြောင့် မဟုတ်ပါ။ မင်းဘူးမြို့ စက္ကိန်းတဲ သစ္စာမေတ္တာဆရာတော်ခိုင်းတဲ့ စရဏ ကျင့်စဉ်ကြောင့်ဖြစ်ကြောင်း ရှင်းပြရပါတယ်။ သူခိုင်းတာတွေကလည်း ဗုဒ္ဓဘုရားရှင်ရဲ့ ပရိတ်၊ ပဌာန်း၊ အရဟံ၊ စတဲ့ ဗုဒ္ဓဂုဏ်တော်တွေကို အချိန်ရှိသမျှ ပွားများခိုင်းထားတာပါ။ ကျွန်တော်ကလည်း ဇွဲနဲ့ အတတ်နိုင်ဆုံး ကျင့်ပါတယ်။ ဒါကြောင့် ဈေးဆိုင်ကို ကျွန်တော်ပြန်ရောက်တာနဲ့ သိသိသာသာ ဈေးပြန်ပြီး ရောင်းကောင်းလာပါတယ်။ တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမည် ဆိုတာ လက်တွေ့ပါဘဲဗျာ..။ ကဲ ဒါနဲ့ ကျွန်တော်လည်း ခရီးရောက်မဆိုက် ဘုရားခန်းသို့ဝင်ပြီး ဘုရားရှစ်ခိုးပြီး စရဏ ကျင့်စင်များကို ပြန်စလုပ်မိပါတယ်။ အင်း ညနေတိုင်း မိုးကုတ်ဆရာတော်ဘုရားကြီးတရားနာပြီး နေ့စဉ်အာစိဏ္ဍကံ (၂)ရက်ပျက်ခဲ့ပါပြီလား။ စာနယ်ဇင်း သတင်းသမားဆိုတာ ကိုယ့်အရေးထက် သူများအရေးကို ဦးစားပေးရပါတယ်ဗျာ..။ ဒါကြောင့် ရောက်တာနဲ့ ကူဖြူကျေးရွာ ရောင်နီဦးစာကြည့်တိုက် စာအုပ်လှူဒါန်းပွဲ စာပေဟောပြောပွဲ သတင်းကို ရေးရပါတယ်။ မော်နီတာဂျာနယ်၊ လျှပ်တစ်ပြက် သတင်းဂျာနယ်တိုက်များသို့ ပို့လိုက်ရပါတယ်။ အများအကျိုးပြုပေးခဲ့ရတဲ့ ဒီသတင်းလေးကို ရေးပြီးလိုက်တာနဲ့ စိတ်ထဲမှာ ပေါ့ပါးသွက်လက်သွားပါတယ်။ ကိုယ် ကိုတိုင်သွားရောက် စာအုပ်များ လှူဒါန်းခဲ့ပြီး စာဖတ်ရှိန်မြှင့်တင်ရေး စာပေဟောပြောပွဲလုပ်ခဲ့ရတာ ၀မ်းသာပီတိဖျာမိပါတယ်။ ဒီသတင်းလေးအား ဂျာနယ် များမှာ အချိန်မီ ဖော်ပြပေးပါရန် အယ်ဒီတာအဖွဲ့ထံ အထူးမေတ္တာရပ်ခံလိုက်ပါတယ်။ ယခုလို တစ်ခါမျှ ကိုယ်ရေးတဲ့ သတင်း ဆောင်းပါး စာမူများကို ဂျာနယ်မှာ ဖော်ပြပေးဖို့ တစ်ခါမျှ အခွင့်အရေးမတောင်းခဲ့တာ အမှန်ပါဗျာ..။ ကူဖြူကျေးရွာ ဟောပြောပွဲမှာ သမီးကွန်ပျူတာကျောင်းဆင်း အကြောင်းထည့်ပြောထားလို့ သမီးကိုကြိုတင်ပြီး တောင်းပန်ထားရပါတယ်။ ကျွန်တော့်ဘ၀မှာ ယခုလောလောဆယ် ဒီသမီး နဲ့ သားက လုပ်ကျွေးနေတာဆိုတော့ မျက်နှာချိုသွေးလိုက်ရပါတယ်။ သမီးက ပေးလိုက်တဲ့လမ်းစားရိတ် (၅၀၀၀ိ) နဲ့ ရွာက ပေးလိုက်တဲ့ငွေ(၅၀၀၀ိ) တို့ကို ကျွန်တော်တို့ မိသားတစ်စုက နှစ်သစ်မှာ နှစ်စဉ် နံနက်အာရုံဆွမ်းအတွက် သံဃာ့ဒါနဆွမ်းကြီးလောင်းပွဲမှာ ထည့်ဝင်လှူဒါန်းဖို့ ပြောလိုက်ပါတယ်။ ကျွန်တော့်ဇနီးနဲ့ သမီးတို့ကလည်း သဘာတူညီကြပါတယ်။ ဒါတင်မကဘဲ ယခုနှစ်အတွင်းမှာ လျှပ်တစ်ပြက်ဂျာနယ်၊ မော်နီတာသတင်းဂျာနယ်များက ထုတ်ပေးမယ့် စာမူခများနဲ့ သတင်းယူသွားတဲ့ ခရီးစားရိတ်များကိုပါ ပေါင်းစုပြီး သံဃာ့ဒါန အာရုံဆွမ်းကြီးလောင်းပွဲမှာ ထည့်ဝင်လှူဒါန်းဖို့ မိသားစု ဆုံးဖြတ်လိုက်ကြ ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ မိသားစုဟာ ကိုယ့်အရေးထက် သာသနာအရေး၊ အများအရေးကို ဦးစားပေးသူများ ဆိုရင် မှားမည်မဟုတ်ပါခင်ဗျာ…။ ဒါကြောင့် ဟောပြောပွဲမှာ ရွတ်ဆိုခဲ့တဲ့ ဆရာဇော်ဂျီရေးသားခဲ့သော ကဗျာလေးနဲ့ နိဂုံးချုပ်ပါရစေ။ (သင်သေသွားသော်) သြော်…. လူ့ပြည်လောက၊ လူ့ဘ၀ကား အိုရ နာရ သေရဦးမည်၊ မှန်ပေသည်တည်း။ ။ သို့တပြီးကား၊ သင်သေသွားသော် သင်ဖွားသောမြေ၊ သင်တို့မြေသည် အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။ ။ သင်၏မျိုးသား၊ စာစကားလည်း ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏။ ။ သင်..ဦးချ၍ အမျှဝေရာ၊ စေတီသာနှင် သစ္စာအရောင်၊ ဥာဏ်တန်ဆောင်လည်း ပြောင်လက်၊ ၀င်းလျှက် ကျန်စေသတည်း…..။ ။ ဆရာဇော်ဂျီ (ဒီဇင်ဘာလ-၁၉၃၅) မဂ္ဂဇင်းအမည်= အိုဝေး ကဗျာဆရာ အမည် နှင့်အသက်= ဇော်ဂျီ (အသက် ၂၈) အယ်ဒီတာအမည် = = အောင်ဆန်း( အသက် ၂၀)

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: