အမှတ်စဉ်(၄) `ကူဖြူရွာမှာ သာတဲ့လ´ ၁၅-၁၂-၂၀၁၁

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်စဉ်(၄) `ကူဖြူရွာမှာ သာတဲ့လ´ ၁၅-၁၂-၂၀၁၁ ညက အိပ်ရေးပျက်ခဲ့သော်လည်း နံနက်စောစောထမြဲ ထရပါတယ်။နံနက်(၅)နာရီ အိပ်ယာထ၊ဘုရားရှစ်ခိုး၊ ဈေးဆိုင်ဖွင့်တယ်။ ရွတ်နေကျ ပရိတ်တော် ပဌာန်းပါဠိတော် အကျဉ်း အကျယ်ကို ပူဇော်ရွတ်ဆိုပါတယ်။ အင်တာနက်သတင်း များကိုကြည့်တယ်။ ညက ပျက်သွားသောဖိုင်များကို ပြန်ပြီး ကော်ပီးကူးတယ်။ ပရင့်ထုတ်ပါတယ်။ အရင်လို အပြည့်အစုံကိုတော့ မယူနိုင်တော့ပါ။ ဆရာအောင်သင်း ရဲ့ `လူထဲက လူ´ သီချင်းပါတဲ့ အသံဖိုင်ကို ဒေါင်းလုပ်ဆွဲထားပါတယ်။ နေ့လည်(၁၂) နာရီကားဖြင့် ချောက်သို့သွားရပါမည်။ ဆရာတင်လင်းဇော် နဲ့ ကားဂိတ်မှာ ဆုံဖို့ချိန်းထားပါတယ်။ နေ့(၁၂း၃၀) ရွှေမိတ်သစ် ချောက်ကား နဲ့ထွက်ခဲ့ကြပါတယ်။ အသွားလမ်းစရိတ်ကို ဆရာတင်လင်းဇော်က စာနယ်ဇင်းရံပုံငွေထဲမှ သုံးကြောင်းပြောပါတယ်။ သူက စာအုပ်လှူဒါန်းရန် ငွေတစ်သောင်းကျော်ဖိုး ခန့်ပါလာကြောင်းသိရပါတယ်။ ကျွန်တော်နဲ့ စာနယ်ဇင်းမှ ဂျာနယ်အစောင် (၄၀) လောက်ပါကြပါတယ်။ ညနေ(၄)နာရီကျော်လောက်မှာ ချောက်မြို့ အနီး မိုလာ(စလေ ကားလမ်းခွဲ) သို့ရောက်ကြပါတယ်။ ကားက ဆင်းလာတာနဲ့ ကူဖြူရွာက အကြိုလာတဲ့ မော်တော်ဆိုင်ကယ် (၃)စီး၊ လူငယ်သုံးဦးတို့ အသင့်စောင့်ကြိုနေကြပါတယ်။ မိုလာမှာ နာရီဝက်လောက် ကြာအောင် ချောက်မြို့က လာမယ့် ဦးသန့်ရှင်းမောင်( ချောက်မြို့နယ် ပြန်/ဆက် ဦးစီးမှူး) ကို စောင့်ကြရပါတယ်။ သူရောက်လာတာနဲ့ စလေမြို့ဘက်သွားတဲ့ ကားလမ်းအတိုင်း ၀င်ခဲ့ကြပါတယ်။ မိုလာလမ်းဆုံမှ (၃)မိုင်လောက်ရောက်တော့ တောင်သာ၊ ကူဖြူရွာများသို့ ၀င်ရမယ့် တောလမ်းသို့ ချိုးဝင်ကြပါတယ်။ ဒီလမ်းခွဲကနေ တောလမ်းက (၁၁)မိုင် နဲ့၎ ဖာလုံ ရောက်ရင် ကူဖြူရွာဟု ရေးထားတာကို ဖတ်လိုက်ရပါတယ်။ ဆိုင်ကယ်တစ်စီး လူနှစ်ယောက်နဲ့ ၀င်လာကြပါတယ်။ တောင်သာရွာထိတော့ ဆိုင်ကယ်လမ်းက ကောင်းပါသေးတယ်။ တောင်သာလမ်းခွဲကနေ ၀င်လာတော့ စတွေ့ရတဲ့ရွာက (ထောက်ရှည်ကန်) ရွာ၊ မကျီးကုန်းရွာ တို့ကို ဖြတ်ပြီး တောင်သာရွာကို ရောက်ကြပါတယ်။ စလေ လမ်းခွဲကနေ တောင်သာရွာအထိတော့ ချောက်မြို့နယ် စည်ပင်သာယာ က လမ်းခင်းနေတာကို မြင်တွေ့ခဲ့ကြပါတယ်။ တောင်သာရွာ အနောက်ဘက်ထိသာ လမ်းက ခင်းပြီးပါသေးတယ်။ အဲ တောင်သာရွာ ရောက်တော့ ကားလမ်းအတိုင်း မလိုက်တော့ဘဲ တောင်သာ ဘုရားကုန်းတောင်ဘက်မှ အရှေ့တောင်ဆီကို ဖြတ်တက်လာပါတယ်။ လမ်းမှာတော့ ပဲဇင်းငုံခင်းကြား ဆိုင်ကယ်တစ်စီးသာ လူသွားလမ်းကြောင်းလေးပေါ်က ဆိုင်ကယ်တွေ စီးကြရပါတယ်။ ဆိုင်ကယ်ဟွန်းသံများကို ကိုယ်စီပေးပြီး သွားကြရပါတယ်။ မျက်နှာချင်းဆိုင်က ဆိုင်ကယ်လာရင်တော့ တစ်ဖက်ဆိုင်က ရပ်ပြီး ရှောင်မောင်းမှ သွားလို့ရပါတယ်။ ချောင်းကျော် ရေကျော် အကွေ့တွေဟာ ဆိုးသလား မမေးပါနဲ့ ဆိုင်ကယ်နောက်က လိုက်ခဲ့သူ ကိုင်မထားရင်တော့ နေခဲ့တော့ သေပြီဆရာမှတ်ပါ။ တောလမ်းသာ ပြောသာ ဆိုင်ကယ်ကို မြင်းစီးသွားရသလို ခုံပေါက် ခုံပေါက်နဲ့ စီးရတာပါ။ တောင်သာကျော်တော ဆူးတောရွာနဲ့ ရွာတစ်ရွာ စုစုပေါင်း ရွာနှစ်ရွာဖြတ်ပြီးမှ ကူဖြူရွာသို့ ညနေ(၆)နာရီလောက် ရောက်ပါတယ်။ စလေကားလမ်းခွဲကနေဆိုရင် ကူဖြူရွာသို့ ရောက်ဖို့က ရွာပေါင်း(၅)ရွာကို ဖြတ်ခဲ့ရပါတယ်။ ရွာကိုရောက်တာနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ကိုအောင်မျိုးဝင်း အိမ် မှာတည်ခိုးကြရပါတယ်။ ည(၇း၃၀)နာရီလောက်မှ ဟောပြောပွဲကိုစကြပါတယ်။ ကူဖြူရွာ တောင်ကျောင်းဆရာတော် ဦးပညာစက္က (တိုင်းသံဃာ့ အကျိုးတော်ဆောင် အဖွဲ့ဝင်) ဘုန်းကြီးကျောင်းပေါ်မှာ ကျင်းပကြပါတယ်။ ပရိတ်သတ်က ဆယ်ပင်ကျောင်း နှစ်ဆောင်ပြိုင်ပေါ်မှာ အပြည့်တွေ့မြင်ရပါတယ်။ ကူဖြူရွာမှာ အိမ်ချေ(၃၀၀) လောက်ရှိတော့ ပရိတ်သတ်က(၅၀၀) ကျော်လောက် လာမယ်ထင်ပါတယ်။ ဟောပြောပွဲအတွက် အစီအစဉ် အခန်းအနားမှူးကို ကြိုတင်စီစဉ်ထားတာမရှိပါ။ စာကြည့်တိုက်မှူး ဆရာလေးတစ်ဦး အခန်းအနားမှူးထ လုပ်ရပါတယ်။ ယခုမှ အခန်းအနား အစီအစဉ်ရေးပြော ပြောနေရတော့ ကသောင်းကနင်းဖြစ်ကြရပါတယ်။ ချောက်မြို့နယ် ပြန်/ဆက် ဦးစီးမှူး ဦးသန့်ရှင်းမောင် ကလည်း ဘီယာသောက်ပြီး အရက်သမားထက်ကို ပိုပြီးမူးနေပုံပေါ်ပါတယ်။ ကူဖြူကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးဝင်း ထံ ကျွန်တော်တို့က စာအုပ်များ၊ ဂျာနယ်များကို လှူဒါန်းကြပါတယ်။ ကျွန်တော့်မှာ သတင်းဓာတ်ပုံတောင် မရိုက်လိုက်မိပါ။ ကူဖြူရွာမှာ ကွန်ပျူတာ(၅)လုံးရှိကြောင်း၊ ဗွီဒီယို ကင်မရာတွေလည်း ရှိကြောင်းသိရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ စာပေဟောပြောပွဲကို သူတို့ရွာမှ မှတ်တမ်းတင် ဗွီဒီယို ရိုက်ပေးပါတယ်။ ဒီရွာမှာ ခေတ်ပညာတတ်များ တော်တော်များကြောင်း၊ မလေးရှားနိုင်ငံသို့ သွားရောက် အလုပ် လုပ်နေကြသူများရှိတာကို ပြောပြပါတယ်။ ယခုပွဲမှာ မလေးရှာမှ ခေတ္တပြန်လာသူ ကိုဇော်မင်းထွန်း နဲ့ အဖွဲ့က ဟောပြောပွဲ အစ အဆုံး မှတ်တမ်းတင်ပေးကြပါတယ်။ ကျွန်တော်ကတော့ ဟန်ကြီးပန်ကြီးလုပ်ပြီး အိမ်က လက်ပ်တော့ ကွန်ပျူတာလေးကိုယူလာပါတယ်။ ဒါပေမယ့် သူတို့ရွာမှာ ရှိနေတဲ့ လက်ပ်တော့ကွန်ပျူတာတွေက နောက်ဆုံးပေါ်တွေဖြစ်နေတာကို မြင်လိုက်ရတယ်။ လျှပ်စစ်မီးမရ သော်လည်း ဆရာတော်ဘုရားကျောင်းက မီးစက်ကြီးကလည်း တစ်ရွာလုံး တစ်ကျောင်းလုံးမှာ ထိန်လင်းနေပါတယ်။ ကွန်ပျူတာတွေကို မီးစက်မှ မီးကြိုးသွယ်ဆက်ပေးပါတယ်။ ဒါကြောင့် ကျွန်တော့်အလှည့်သာ ဖွင့်ပြောဖို့ ယူလာတဲ့ ကွန်ပျူတာကို ဟောပြောပွဲ အစ အဆုံး MP3 အသံဖိုင်နဲ့ အသံဖမ်းလိုက်ပါတယ်။ ပိုပြီး သေချာအောင် ပါလာတဲ့ ကျွန်တော့် ဟန်းဆက်ကလေးနဲ့လည်း အသံဖမ်းထားလိုက်ပါတယ်။ ပထမ စတင်ပြီး စာရေးဆရာ တင်လင်းဇော်(အမျိုးသားစာပေဆုရ) မှ (စာဖတ်ခြင်း၏ အကျိုးကျေးဇူး) ခေါင်စဉ်နဲ့ (၄၅) မိနစ် ဟောပြောပါတယ်။ ကျွန်တော့်အလှည့် ဒုတိယဖြစ်ပါတယ်။ ကျွန်တော်က (ကိုယ့်အကြောင်း၊ သူများအကြောင်းနဲ့ ပတ်ဝန်းကျင် မှ အကြား အမြင်များ) ခေါင်းစဉ်နဲ့ (၁း၁၅)နာရီ ဟောပြောခဲ့ပါတယ်။ နောက်ဆုံးပိတ် အိပ်နဲ့လွယ်သူကတော့ ချောက်မြို့နယ် ပြန်/ဆက် ဦးစီးမှူး ဆရာဦးသန့်ရှင်းမောင် ပါ။ သူကတော့ အဆိုတော် R ဇာနည် နှတ်ဆက်သလို `မင်္ဂလာပါ….´ ကို အကျယ်ကြီး သံရှည်ဆွဲပြီး ပွဲထွက်လာပါတယ်။ အိပ်ငိုက်နေတဲ့ ပရိတ်သတ် ကို မျက်လုံးကျယ်လာအောင် နိုးလိုက်ပြီး (ကူဖြူရွာမှာ သာသောလ) ခေါင်းစဉ်နဲ့ ဟာသလုပ် ပြောဆိုသွားခဲ့ပါတယ်။ ဟာသ လူရွှင်တော် မိုးဒိ စတိုင်နဲ့တစ်မျိုး ကိုကျော်စတိုင် နဲ့ တစ်ဖုံ ပျက်လုံးတွေထဲမှာ စာကြည့်တိုက်၏ မူ(၅)ချက်များကို ထည့်သွင်းပြောဆို သွားပါတယ်။ အိုဗာအိုင်တင်တွေ များသွားလို့ ပုဆိုးကျွတ်ကျသွားပါတယ်။ တော်သေးတာပေါ့ အတွင်းက ဘောင်းဘီရှည်ခံထားလို့ပါ။ သူဟောပြောပြီးရင် ပွဲသိမ်းမဟုတ်ပါ။ ကူဖြူကျေးရွာ အုပ်ချုပ်ရေးမှူးက နှုတ်ခွန်းဆက်စကား ပြောပါတယ်။ နှုတ်ခွန်းဆက်တင် မကတော့ပဲ ရှေးက ကျွန်တော်သုံး ဟောပြောသွားတာတွေ မပြည့်စုံလို့ထင်ပါတယ်။ စာတိုငညို နဲ့ စာပေအကြောင်း ဆက်ပြောနေပါတယ်။ ပရိတ်သတ် ကတော့ ဖင်တကြွကြွဖြစ်နေကြပါတယ်။ ည(၁၁း၃၀) နာရီမှာ ပွဲပြီးသွားပါတယ်။ ည(၁၂)နာရီမှာ အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးဝင်း အိမ်မှာ စာပေဟောပြောပွဲ ကောင်းကြောင်း နဲ့ လိုအပ်ချက်များကို ပြောဆိုဆွေးနွေးနေကြပါသေးတယ်။ ယခု ကူဖြူကျေးရွာ စာပေဟောပြောပွဲက ပရိတ်သတ် အတော်စည်ကားကြောင်း၊ နားထောင်တဲ့ ပရိတ်သတ်များကလည်း ပွဲစ ပွဲဆုံး နေပြီး နားထောင်ကြကြောင်း တို့ကို ဆရာတင်လင်းဇော် က ချီးကျူးစကား ဆိုပါတယ်။ ဒီရွာမှာ ကျောင်းဆရာမလေးတွေ ရှိနေပါလျှက် အခန်းအနားမှူးကို ကြိုတင်စီစဉ်ဆောင်ရွက် မထားတာ အားနည်းချက် ဖြစ်သွားပါကြောင်း အကြံပြုပေးပါတယ်။ ဆောင်တွင်းညချမ်းမှာ ကူဖြူရွာပေါ်က ဖိုးလမင်းကလည်း ကျွန်တော်တို့ စာပေဟောပြောပွဲကို အလင်းရောင်ပေး နေပါတယ်။ ကျွှန်တော်တို့ ဆရာသုံးဦးကို ကူဖြူရွာလယ်က တယ်လီဖုန်းရှိတဲ့ အိမ်ပေါ်မှာ တစ်ထောင်လောက်မြင့်တဲ့ မွှေ့ယာကြီးရယ် ဂွမ်းစောင်တွေရယ် နဲ့ နွေးထွေးစွာနဲ့ အိပ်စက်ခဲ့ရပါတယ်။ သြော်…. စာပေကျေးဇူးကြောင့်၊ ကူဖြူရွာ ရောင်နီဦးစာကြည့်တိုက် တိုးတက် ဖွံ့ဖြိုးရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျွန်တော်တို့ စာရေးဆရာ သုံးဦး မှ ``ကူဖြူရွာမှာ သာသောလ´´ စာပေအောင်ပွဲ၏ တစ်ညတာလေးကို တွေးလေးတိုင်း မေ့လို့မရနိုင်တော့ပါ…..။ ။ ရွှေလမ်းငွေလမ်းဝင်းကြည်

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel အမှတ်စဉ်(၄) `ကူဖြူရွာမှာ သာတဲ့လ´ ၁၅-၁၂-၂၀၁၁ ini dipublish oleh shwelannwelanwinkyi pada hari Saturday, May 19, 2012. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan အမှတ်စဉ်(၄) `ကူဖြူရွာမှာ သာတဲ့လ´ ၁၅-၁၂-၂၀၁၁
 

0 comments: