အမှတ်(၀၀၃-၂၀၁၂) ၅-၁-၂၀၁၂ `ပြဒါးတစ်လမ်း သံတစ်လမ်းပါ..´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၀၀၃-၂၀၁၂) ၅-၁-၂၀၁၂ `ပြဒါးတစ်လမ်း သံတစ်လမ်းပါ..´ ကျွန်တော် ရှေ့မှာ ရေးခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေကို ဘယ်လောက်များအောင် လုပ်လာခဲ့သော်လည်း မအောင်မြင်ပါ။ ဘာကြောင့် မအောင်မြင်သလဲဆိုရင် အလုပ်တစ်ခုခုကိုသာ တစ်သတ်မတ်တည်း စွဲစွဲမြဲမြဲ မလုပ်ခဲ့လို့ပါ။ အင်္ဂလိပ်စာတော့ မရေးတတ်ပါဘူး။ အင်္ဂလိပ်စကားပုံတစ်ခုလို့ပေါ့..၊ `လိမ့်နေသော ကျောက်ခဲသည် ရေညှိမတင်ပါ´ တဲ့။ ကိုယ့်အကြောင်းကို အကျဉ်းချုပ်ပြီး တတ်နိုင်သလောက် ပြန်ရေးပြချင်ပါတယ်။ ကျွန်တော် (၈)တန်းအောင်တော့ မွေးရပ်မြေ မင်းကန်ရွာ မှ ထွက်လာခဲ့ပါတယ်။ မကွေးမြို့၊ ရန်ကုန်မြို့တွေမှာ ရှိနေကြတဲ့ အဖေဘက်က ဆွေမျိုးတွေအိမ်ကို ထွက်လာခဲ့ရတာပါ။ ကျွန်တော့် အမေက ကျွန်တော် (၂)နှစ်သားမှာ ကွယ်လွန်သွားပါတယ်။ အဖေက နောက်မိန်းမယူလိုက်တော့ ငယ်ငယ်ကစပြီး ကျွန်တော်မိဒွေးနဲ့ နေလာခဲ့ရပါတယ်။ အဖေက ကျောင်းဆရာအလုပ် လုပ်ပါတယ်။ ကျွန်တော်(၁၀)နှစ်သားလောက်၊ လေးတန်းနှစ်မှာ အဖေကလည်း ကွယ်လွန်သွားပြန်ပါတယ်။ အဖေသေသွားတော့ ကျွန်တော့် မိဒွေး နဲ့အတူ ညီမ(၂)ယောက်ကျန်ခဲ့ပါတယ်။ ကျွန်တော်လည်း မိဒွေးနဲ့အတူ နေလာခဲ့ပါတယ်။ ကျွန်တော် (၄)တန်းကျောင်းသားကနေ (၆)တန်းကျောင်းသားအထိ သုံးနှစ်လောက်အထိ ကျွန်တော့် မိဒွေးက ကျောင်းထားပေးခဲ့ပါ တယ်။ (၇)တန်း၊ (၈)တန်းကျောင်းသား ဘ၀ရောက်လာတော့ မိဒွေးဆီမှာ မနေတော့ပါ။ ကျွန်တော့် အမေဘက်က ဘကြီး၊ ဒေါကြီး အိမ်မှာ နေပြီး ကျောင်းတက်ခဲ့ပါတယ်။ကျွန်တော်(၈)တန်းစာမေးပွဲ ဖြေနေတုံး ဒေါ်ကြီးက ကွယ်လွန်သွားပါတယ်။ အဲ(၈)တန်း အောင်တဲ့နှစ်ကျ ရွာမှ အမျိုးတွေကလည်း မြို့ကျောင်းကို ဆက်ပြီး မထားနိုင်ကြတော့ပါဘူး။ ဒါကြောင့် စောစောက ပြောခဲ့သလို (၈)တန်းအောင်တဲ့ နှစ် (၉)တန်းကျောင်းနေဖို့ အဖေ့ဘက်မှ မြို့က အမျိုးတွေအိမ်ကိုထွက်လာခဲ့ရ ပါတယ်။ မကွေးမြို့မှာ ကျွန်တော့်အဖေရဲ့ အမတစ်ယောက်ရှိပါတယ်။ သူဆီမှာလည်း ကျွန်တော်နဲ့ အဖေတူ အမေကွဲ အကိုတစ်ယောက် ရှိနေပါတယ်။ သူ့ကို ကျောင်းထားပြီး ကျွေးမွေးပြုစုထားပါတယ်။ ကျွန်တော်ရော ဆိုရင် နှစ်ယောက်ကြီး မတတ်နိုင်ကြောင်း သိရပါတယ်။ ဒါနဲ့ ရန်ကုန်မှာ နေတဲ့ အဖေ့ဘက်က ဘကြီး နဲ့ ဒေါ်ကြီးတို့ အိမ်ကို ဆက်ပြီး ထွက်လာခဲ့ရပါတယ်။ ရန်ကုန်မြို့သို့ သွားဖို့ ကျွန်တော့် အကို ကိုမြင့်သန်းက လိုက်ပို့ပေးပါတယ်။ အဲဒီခေတ်က မကွေးနဲ့ ရန်ကုန်မြို့ကို ပြည်ကနေပြီး ကားတဆင့် စီးရပါတယ်။ လိုင်းကားတွေနဲ့ သွားစရာ စားရိတ်မတတ်နိုင်ပါဘူး။ ကျွန်တော့ အကို ကိုမြင့်သန်းက အဲဒီအချိန်မှာ သမ၀ါယမ သားသတ်လုပ်ငန်း က စာရေးဝန်ထမ်းတစ်ဦးပါ။ အဲဒီ သားသတ်ရုံးက ရန်ကုန်မြို့သို့ ဆိတ်သားရေ၊ ကျွဲသားရေ၊ နွားသားရေ တင်ပို့တဲ့ သားရေတွေတင်ထားတဲ့ ကုန်တင်ကားကြီး(၂)စီးနဲ့ လိုက်ရတာပါ။ ကားကြီးနောက်ခန်းမှ သားရေ ကထွက်လာတဲ့ ဆားပုတ်ရေ အပုတ်နံ့တွေက တစ်ထောင်ထောင်ထလို့ပါ။ ကျွန်တော်တို့ ညီအကိုက ကားရှေ့ခန်းက စီးရလို့ တော်သေးတာပေါ့။ မှတ်မှတ်ရရ ကျွန်တော်တို့ သားရေကား(၂) စီးကို မြို့ထဲမှာ လူတွေက လုံးဝ အရပ်မခံကြပါဘူး။ ဟိုက ပုတ်စော်နံလို့ ဒီကပုတ်စော်နံလို့ ဆိုပြီး ကားမရပ်ဖို့ ပြန်ပြီး မြန်မြန်ထွက်ပေးပါဆို နေရာတိုင်းမှာ အပြောအဆိုခံခဲ့ကြရပါတယ်။ ဒီလိုနဲ့ မဟာရန်ကုန်မြို့ကြီးသို့ သားရေကားကြီးကို စီးပြီးရောက်လာခဲ့ရပါတယ်။ အဲဒီအချိန်တုန်းက ကီလီလမ်းမှာ အဝေးပြေးကားဂိတ်ရှိတဲ့ အချိန်ပါ။ ကျွန်တော့် ဘကြီး နဲ့ ဒေါ်ကြီး တို့ မိသားစု (၂)စုက ကီလီလမ်းဘေးမှ ဗဟိုလ်စည်ရပ်ကွက် (၂) လမ်းထဲမှာ နေကြပါတယ်။ အဲဒီခေတ်က ဗဟိုလ်စည်ရပ်ကွက်ထဲမှာ တိုက်ခံပြင်ထောင်(၂)ထပ်အိမ်ဆိုရင် အကောင်းဆုံးလူချမ်းသာတွေနေကြပါတယ်။ ကျန်အိမ်တွေက တော့ (၄)ပင် (၂)ထပ် ပြင်ထောင် ပြင်ခင်း အိမ်တွေပါ။ အဲဒီအိမ်ကြီးတစ်လုံးကို နှစ်ချမ်းခွဲပြီး ခလယ်မှာ လှေကားတပ်ထားပါတယ်။ အပေါ်ထပ်နှစ်ခန်းမှာ အိမ်ခန်းနှစ်ခန်းရှိပါတယ်။ အောက်ထပ်မှာလည်း အိမ်ခန်းနှစ်ခန်းခွဲထား ပါတယ်။ ရှေမှာ ၀ရံတာလေး ရှိပါတယ်။ ၀ရံတာနောက်မှာ ဧည့်ခန်း၊ သူ့နောက်မှာ အိပ်ခန်း၊ အိပ်ခန်းနောက်မှာ မီးဖိုခန်း၊ မီးဖိုခန်းရဲ့ နောက်ထောင့်လေးတွေမှာ အိမ်သာတွေ(၂)လုံးရှိပါတယ်။ အိမ်သာတွေ အောက်မှာ မစင်စွန့်ဖို့ သစ်သား ခွက်တွေခံထားပါတယ်။ မီးဖိုထဲက ပြင်ခင်းထားတွေကလည်း ကျိုးတို့ ကျဲတဲ ဆိုတော့ အောက်ခွက်ထဲမှ ဟာတွေကို မြင်နေရပါတယ်။ အနံ့ကလည်း လူတစ်ယောက်တက်ပြီးသွားတိုင်း တစ်ထောင်းထောင်းကို ထနေပါတယ်။ အဲဒီပြင်ထောင် အိမ်ကြီး အထက်အောက် လေးခန်းကို ပိုင်ရှင်မိသားစု လေးဦးနေကြရပါတယ်။ အဲဒီအချိန် က ၁၉၇၀ လောက်ထင်ပါတယ်။ အဲဒီ ဗဟိုလ်စည်ရပ်ကွက်ထဲမှ (၂)ထပ်ပြင်ထောင်အိမ်တွေကလည်း ပုံစံတူတွေ ဆောက်ထားပါတယ်။ အဲ အိမ်တစ်လုံးမှာ မိသားစု(၄) ဦးပိုင်ဆိုင်ပြီး နေကြသော်လည်း ကျွန်တော့်ဘကြီး အောက်ထပ် အိမ်ခန်းရဲ့အိပ်ခန်းအလယ်မှာ မိသားစုတစ်စုကို အငှါးထားပါတယ်။ အပေါ်ထပ်မှ ဒေါ်ကြီး အိမ်ခန်းမှာလည်း အလယ်အိပ်ခန်းမှာ မိသားစု တစ်စုကို အငှါးထားပါတယ်။ ဗဟိုလ်စည်ကအိမ်တိုင်းကို အိမ်အပေါ်ထပ်မှာ သွပ်မိုးထားပါ တယ်။ မျက်နှာကျက်များတပ်ထားပါတယ်။ မျက်နှာကြက်ကိုလည်း ပြင်တွေခင်းထားပါတယ်။ အဲဒီမျက်နှာကြက်ပေါ်ကို တက်ဖို့ လှေကားသေးလေးတစ်စင်းကို တဖက်နံရံမှာ တပ်ထားပါတယ်။ အဲဒီ လှေကားနဲ့ တက်နေရမဲ့ မျက်နှာကြက် အပေါ်ကိုလည်း လင်းမယား နှစ်ယောက် ကို အိမ်ငှါးချထားပြန်ပါတယ်။ ကျွန်တော်လည်းရောက်လာရော အဲဒီ အပေါ် မျက်နှာချက်ခန်းကို ဖျာနဲ့ ကာပြီး နှစ်ခြမ်းခွဲလိုက်ပါတယ်။ တစ်ခန်းကို ကျွန်တော့်ကို နေရာလေး ကျောချဖို့ တစ်အိပ်ယာစာသာ ချပေးပါတယ်။ ကျွန်တော့် ဒေါ်ကြီးအိမ်မှာက ဒေါ်ကြီးယောက်ကျားရဲ့ တူတော်သူ နှစ်ယောက်ကိုလည်း ကျွန်တော်တို့ မျက်နှာကြက် အပေါ်ခန်းမှာ ကျွန်တော်နဲ့ အတူနေရာချထား ပေးပါတယ်။ သူတို့က ကျွန်တော်ထက် အရင်ရောက်နေကြသူတွေပါ။ သူတို့က ကီလီဘောတံတားမှာ ငှက်ပျောခိုင်များကို ထမ်းတဲ့ အလုပ်သမားတွေပါ။ ကျွန်တော့် ဒေါ်ကြီးယောက်ကျားကလည်း အဲဒီ ကီလီဘောတံတားမှာ ငှက်ပျော်ခိုင်ထမ်းကြတဲ့ အလုပ်သမားတွေရဲ့ ခေါင်းဆောင်ပါ။ အဲဒီအချိန်ကတော့ ကူလီခေါင်းလို့ ခေါ်ကြပါတယ်။ငှက်ပျော်ခိုင်တစ်ခိုင် ထမ်းခ (၅)ပြားသာ ရတဲ့ခေတ်ပါ။ အလုပ်သမားတစ်ဦးမှာ ဘယ် ညာ ပုခုံးနှစ်ဘက်ရဲ့ ရှေ့နောက်ပေါ်မှာ ငှက်ပျော် (၄)ခိုင်၊ (၅)ခိုင်၊ (၆)ခိုင် ထမ်းကြတာကို မြင်တွေ့ရပါတယ်။ ကျွန်တော်လည်း ကျောင်းမတက်ခင်မှာ ငှက်ပျော်ထမ်းခဲ့ပါတယ်။ ကျွန်တော့်ကတော့ ပိန်ပိန်ဆိုတော့ (၂)ခိုင်ကိုတောင် လျှာထွက်နေပြီး တော်တော်မောဟိုက်နေရပါတယ်ဗျာ..။ မောတော့မောတာပေါ့ ဒါပေမယ့် မမောနိုင်ဘူးလေ..။ အောက်ထပ်မှာ နေတဲ့ ဘကြီးကတော့ သမ၀ါယမဆိုင်မှ ညစောင့်ပါ။ သူ့သားနှစ်ယောက်ကို ကျောင်းထားနေရသူပါ။ ကဲ ကျွန်တော်(၈)တန်းအောင် (၉)တန်းတက်မယ့် ကျောင်းသားကို ကျောင်းထားပေးမယ်ဆိုတာ စဉ်းစားသာ ကြည့်ကြပါဗျာ။ ကျွန်တော်ရွာသား မဟာရန်ကုန်မြို့ကြီးရောက်တာနဲ့ တစ်လလောက် မစားနိုင်၊ မသောက်နိုင်၊ မအိပ်နိုင်ဖြစ်ပြီး အရှင်လတ်လတ် ငရဲပြည်ရောက်နေသလိုပါဘဲ။ ရွာမှာ ကျယ်ကျယ်ဝန်းဝန်း လွတ်လွတ်လပ်လပ် နေထိုင်လာသူ၊ ကျွန်တော်ရွာမှာ ကလည်း အဲဒီအချိန်က ရွာထဲမှာ သူကြီးအိမ်ကလွဲလို့ ဘယ်သူ့အိမ်မှ အိမ်သာမရှိဘူးလေ။ မစင်စွန့်ချင်ရင် ရွာ့ပြင်ပြေးပြီး ချုံကွယ်တစ်ခုမှာ ထိုင်ရတယ်လေ။ အဲ ရွာမှာ (အပြင်)သွားတယ်ဆိုရင်တော့ မစင်စွန့်တာကိုပြောကြပါတယ်။ ဒီမှာက ဒီပြင်ထောင်အိမ် လေးခန်းတွဲ အိမ်ကြီးတွေပေါ်မှာ မိသားစု (၁၂)စုလောက်နေကြရတာ၊ လူဦးရေက အိမ်ထောင်စု တစ်စု အဖေ၊အမေ ကလေးတွေက အနည်းဆုံး(၂)ယောက်ရှိကြတယ်။ တစ်ချို့ဆိုရင် ကလေး(၅)ယောက်ရှိတယ်။ တစ်အိမ်ထောင် ပျမ်းမျှ (၄)ဦးနဲ့တွက် အိမ်ထောင်စုက(၁၂)စုဆိုတော့ လူဦးရေတွက်လိုက်ရင် ကလေး၊ လူကြီး၊ စုစုပေါင်း(၄၈)ဦးလောက် ပြင်ထောင်အိမ်တစ်လုံး တစ်လုံးမှာ ရှိကြပါတယ်။ ကုလားအိမ်တွေမှာ ကုလားတွေနဲ့ အဲဒီအချိန်က ကုလားလူမျိုးတွေကများကြတယ်။ အိန္ဒိယကို ပြန်သွားကြတဲ့ ကုလားတွေက သူတို့ ကုလားအချင်းချင်း နဲ့ ဗမာတပည့်တစ်ချို့ကို အိမ်အပိုင်ပေးသွားကြတယ်လို့ သိရပါတယ်။ ကျွန်တော်ရွာသား ညအိမ်ယာဝင်တိုင်း သွပ်မိုးနဲ့ မတ်တပ်ရပ်ရင် မလွတ်တဲ့ မျက်နှာကျက်အပေါ်ဆုံး အထပ်မှာ မျက်ရည်တွေကို အိမ်ရှင်တွေ မသိအောင်ကျခဲ့ရပါတယ်။ အကိုကလည်း ကျွန်တော့်ကို ပို့ပြီး မကွေးမြို့သို့ပြန်သွားပြီလေ..။ မဟာရန်ကုန်မြို့ကြီးနဲ့ ကျွန်တော်တို့ရွာကတော့ ပြဒါးတစ်လမ်း သံတစ်လမ်း မဟုတ်ပါလားဗျာ..။ ရွှေလမ်းငွေလမ်းဝင်းကြည် ၂၀၁၂ ၊ ဇန္န၀ါရီလ(၅)ရက်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel အမှတ်(၀၀၃-၂၀၁၂) ၅-၁-၂၀၁၂ `ပြဒါးတစ်လမ်း သံတစ်လမ်းပါ..´ ini dipublish oleh shwelannwelanwinkyi pada hari Saturday, May 19, 2012. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan အမှတ်(၀၀၃-၂၀၁၂) ၅-၁-၂၀၁၂ `ပြဒါးတစ်လမ်း သံတစ်လမ်းပါ..´
 

0 comments: