အမှတ်စဉ်(၁၄) ၂၉/၃၀-၁၂-၂၀၁၁ ` နာမည်ကျော်စာရေးဆရာဆိုတာ မှန်လုံအမြန်ယာဉ်ခရီးသည်ကားကို မစီးပါ´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်စဉ်(၁၄) ၂၉/၃၀-၁၂-၂၀၁၁ ` နာမည်ကျော်စာရေးဆရာဆိုတာ မှန်လုံအမြန်ယာဉ်ခရီးသည်ကားကို မစီးပါ´ နံနက်လင်းတာနဲ့ ဘုရားရှစ်ခိုး၊ မေတ္တာပို့ပါတယ်။ ထူးထူးခြားခြား ယနေ့စာပေဟောပြောပွဲ ကျင်းပမဲ့နေ့ပါ။မနေ့က ဆုတောင်းထားလိုက်လို့ ယနေ့မိုးမရွာတော့ပါ။ နေရောင်ခြည်တောင်ထွက်လာပါပြီ။ ရာသီဥတု မမှန်တာကတော့ ဒီဇင်ဘာလ ထဲ(ဆောင်းတွင်းကြီး) မိုးကရွာနေတယ်။ ရာသီဥတု ဖောက်ပြန်တာက လူတွေကိုယ့်ကျင့်တရား မကောင်းလို့ ဆိုတာ ရှေးလူကြီးတွေက ပြောထားခဲ့တယ်လေ..။ ယခုခေတ်က လူတွေကလည်း သီလတွေ ပြည်သူ့နီတိတွေ နားလည်ကြသူ၊လိုက်နာတဲ့သူတွေက တော်တော်ရှားသွားပြီ။ ကျွန်တော်ကအစ ဘယ်သူသေသေ ငတေမာရင် ပြီးတာဘဲ ဆိုသူတွေက များနေပါတယ်။ ဒါကြောင့် သဘာဝ သစ်တောကြီးတွေလည်းမရှိတော့ပါ။ လူတွေဖန်တီး အသုံးပြုထားကြတဲ့ ကားနဲ့ စက်ရုံတွေက မီးခိုး ဓာတ်ငွေ့တွေကလည်း ကောင်းကင်ပေါ် ပလူပျံနေကြပြီ။ တစ်ချို့မြို့ကြီးတွေဆို အသက်ရှုရတာတောင် မ၀ဘူး ဖြစ်နေပါတယ်။ တောကနေ မြို့ခဏ တက်လာသူတွေက ပိုသိနေကြပါတယ်။ ဒါကြာင့် ရန်ကုန်မြို့ကြီးကို ကျွန်တော်တို့ ရောက်ရင် အသက်ရှုလို့ကို ၀တယ်မထင်ပါ။ ရာသီဥတုဖောက်ပြန်တာက ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့သက်ဆိုင်ပါတယ်။ လူတွေဖောက်ပြန်လာတာကတော့ စိတ်နဲ့ သက်ဆိုင်နေတယ်ဆိုတာလည်း လူတိုင်းသိကြမှာပါ ။ ကျွန်တော်တို့မြို့မှာ စာပေဟောပြောပွဲမဖြစ်ခဲ့တာ ၂၀၀၇ ခုနှစ်ကနေ့ ၂၀၁၀ ထိ (၄)နှစ်ကြာခဲ့ပါပြီ။ ယခု ၂၀၁၁ ဒီဇင်ဘာလ(၂၉)ရက်မှာ စာပေဟောပြောပွဲ ပြန်ဖြစ်လာပါတယ်။ စာပေဟောပြောပွဲ ပွဲမိန့်ကို အဆင့်ဆင့်ထံ တစ်လခွဲကြိုတင် လျှောက်ထားခဲ့ရပါတယ်။ ဟောပြောကြမယ့် စာရေးဆရာတွေကတော့ ဆရာနေ၀င်းမြင့်၊ ဆရာမ ခင်ခင်ထူး၊ ဆရာညိုထွန်းလူ( အယ်ဒီတာချုပ်- မန္တလေးအလင်းသတင်းဂျာနယ်) နဲ့ မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်တို့ (၄)ဦးဖြစ်ကြပါတယ်။ မန္တလေး မှ စာရေးဆရာ (၃)ဦးပါ။ အဲဒီဆရာတွေကို ဆရာညိုထွန်းလူရဲ့ ကားနဲ့ လာကြဖို့ စီစဉ်ထားပါတယ်။ အဲဒီကား သွားပြန်စရိတ် ငွေကျပ်(၂)သိန်းကုန်ကျခံရန် နဲ့ စာရေးဆရာတစ်ဦးကို ငွေကျပ်(၁)သိန်းစီ ကန်တော့ရန် စီစဉ်ထားကြပါတယ်။ မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်ကိုတော့ ရန်ကုန်ကနေ မှန်လုံအမြန် ခရီးသည်တင်ကား နဲ့ အသွား အပြန်စီစဉ်ထားကြပါတယ်။ ခရီးစဉ်ဆိုတာ ကြိုတင်ရောက်ဖို့ အချိန်ကိုက်ထားရင် မြန်မာများရဲ့ အယူအဆ အတိုင်းဆိုရင် လွဲတတ်ပါတယ်။ ဒါကြောင့်ထင်ပါတယ်။ မန္တလေးကလာကြမယ့် စာရေးဆရာ နေ၀င်မြင့်က ကျွန်တော်တို့မြို့ စာပေဟောပြောပွဲလုပ်မယ့်နေ့ မှာဘဲ နေပြည်တော်မှာ နံနက်ပိုင်းက အမျိုးသားစာပေဆု (၃)ကြိမ် (၃)ထပ်ကွမ်း ဆုကိုတက်ယူရပါတယ်။ ဆရာတို့ မိသားစု နေပြည်တော်သို့ စာပေဆုယူရန်(၂၈-၁၂-၂၀၁၁)နေ့က အရောက်ကြိုတင် သွားရောက်ကြပါတယ်။(၂၉-၁၂-၂၀၁၁)နေ့ ဆုပေးပွဲ ပြီးတာနဲ့ ဆရာနေ၀င်းမြင့်ရဲ့ မိတ်ဆွေတစ်ဦးက နေပြည်တော်ကနေ ကျွန်တော်တို့ မြို့ကို စာပေဟောပြောပွဲအချိန်မှီ အောင် အခမဲ့ ကားနဲ့ လိုက်ပို့တယ်လို့ သိရပါတယ်။ နဂိုက အစီအစဉ်အတိုင်း (၂၉-၁၂-၂၀၁၁)နေ့ မန္တလေးမှ ဆရာညိုထွန်းလူ က သူ့ကားတစ်စီးနဲ့ ကျွန်တော်တို့ မြို့ကိုထွက်လာရမှာဖြစ် ပါတယ်။ အသွား အပြန် မန္တလေးက စာရေးဆရာ သုံးဦးအတွက် အသွား/အပြန် စီစဉ်ထားခဲ့ကြတာပါ။ နောက်တစ်ခု လွဲသွားပြန်တာက ယခင်က ရန်ကုန်ကနေ ကျွန်တော်တို့ မြို့ကို ဘတ်စ်ကားစီးပြီးလာမယ့် မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင် က ၂၇-၁၂-၂၀၁၁ နေ့မှာ စစ်ကိုင်းတိုင်းဒေသကြီး ထန်းတစ်ပင်မှာ စာပေဟောပြောပွဲပြီးလို့ မန္တလေးကို ရောက်နေပါတယ်။ ခရီးစဉ် ပြောင်းကြောင်း သူကဖုန်းဆက်ပြီး သူ့ကို လာခေါ်ရန် ပြောပါတယ်။ ဒီတော့ လွယ်လွယ်နဲ့ပဲ အဆင်ပြေအောင်ဆိုပြီး မန္တလေးမြို့မှ ကားတစ်စင်း နဲ့ တစ်ယောက်တည်းထွက်လာမယ့် ဆရာညိုထွန်းလူကားကို ဒေါက်တာထွန်းလွင်အား ၀င်ရောက်ခေါ်လာပေးပါရန် ဖုန်းဆက် အကြောင်းကြားပြီး အကူအညီတောင်းပါတယ်။ ဆရာညိုထွန်းလူက မခေါ်နိုင်ပါ။ အဆင်မပြေပါ။ ဒါနဲ့ ကျွန်တော်တို့မြို့ကနေ မန္တလေးကို ကားတစ်စင်းနဲ့ ဒေါက်တာထွန်းလွင် ကို အကြိုလွှတ်ရပါတယ်။ ကျွန်တော်တို့ဆီက အဲဒီကားကို ငွေ(၂)သိန်းကျော်အကုန်ကျခံပြီး အကြိုခိုင်းလိုက်ရတော့ ဆရာညိုထွန်းလူ ကိုလည်း အကြိုလွှတ်တဲ့ ကားနဲ့သာ တစ်ပါတည်း ခေါ်လာရန် စီစဉ်ပေးလိုက်ရပါတယ်။ ယခုအကြိုလွှတ်တဲ့ ကား နဲ့ ဆရာညိုထွန်းလူ ကား(၂)စီးလုံးခေါ်လာရင် ငွေကျပ်(၄) သိန်းကျော်ကုန်ကျသွားပါမည်။ ကော်မတီမှာ ရံပုံငွေကလည်း ချင့်ချိန်ပြီး သုံးနေရတော့ ဆရာညိုထွန်းလူကို မေတ္တာရပ်ခံပြီး ဆရာ့ကားကို ယူမလာဖို့ ဖုန်းဆက်ပြီး တောင်းပန်လိုက်ရပါတယ်။ မန္တလေးက ဆရာညိုထွန်းလူရဲ့ကား ပါမလာတော့ စာပေဟောပြောပွဲပြီး နောက်နေ့ပြန်ကြရန်အတွက် (၃၀-၁၂-၂၀၁၁) နံနက်(၈)နာရီထွက်မယ့် ကားနဲ့ မန္တလေးမှ စာရေးဆရာ သုံးဦးအတွက် မှန်လုံအမြန်ယာဉ် ခရီးသည်တင် အိပ်စပက်(အဲယားကွန်းပါ)လိုင်းကားမှ ထိုင်ခုံ(၆)ခုံ ကြိုတင်ဝယ်ယူ ထားလိုက်ကြပါတယ်။ နံနက်ထွက်ရင် ညနေမန္တလေးကို အေးအေး ဆေးဆေးပြန်ရောက်တဲ့ ကားပါ။ ဒါပေမယ့် မှန်းချက်နဲ့ နှမ်းထွက်မကိုက်ပါဘူး။ ဆရာနေ၀င်းမြင့် နဲ့ ဆရာမခင်ခင်ထူးတို့ မိသားစုကို လိုက်ပို့တဲ့ နေပြည်တော်မှ လာသော ကားက စာပေဟောပြောပွဲကျင်းပမယ့် မြို့တော်ခန်းမကို ညနေ(၃)နာရီလောက် ၀င်လာ ကြပါတယ်။ ရောက်လာတာနဲ့ ဆရာနေ၀င်းမြင့် က ကျွန်တော်တို့ ကော်မတီက သူတို့ကားကို လာမကြိုကောင်းလား၊ ဖုန်း မဆက်ကောင်းလား ဆိုပြီး စိတ်ဆိုးနေပါတယ်။ ကျွန်တော်တို့ မြို့ထဲက ထမင်းဆိုင်တစ်ဆိုင်မှာ ထမင်းစားပြီး ခန်းမနေရာကို မေးမြန်းပြီးလာခဲ့ရကြောင်း၊ ဆရာညိုထွန်းလူ ကားရောက်လာပြီလားလို့ သူက မေးပါတယ်။ ကျွန်တော်က အကြောင်းစုံကို ရှင်းပြပါတယ်။ အပြန်အတွက် ဆရာတို့ မန္တလေးအဖွဲ့ နံနက်(၈)နာရီ မှန်လုံ အမြန်ယာဉ်ခရီးသည်တင် ကားနဲ့ ကြိုတင်စီစဉ်ထားပါကြောင်း ဖွင့်ပြောလိုက်ပါတယ်။ `ဟာ ဒါဆို ကျွန်တော်တို့က မဖြစ်ဘူး၊ ယခုနေပြည်တော်က လိုက်ပို့တဲ့(ဆပ်ကား) ကားနဲ့ပဲ တစ်ခါတည်း ပြန်တော့မယ်´ လို့ ဆရာနေ၀င်းမြင့် ကပြောဆိုပါတယ်။ ကျွန်တော်တို့ စာပေဟောပြောပွဲ ကော်မတီလည်း မျက်လုံးပြူးသွားကြပါတယ်။ ဒါနဲ့ ကျွန်တော်ကပဲ ` အဲသလိုတော့ မလုပ်ပါနဲ့ ဆရာရယ်.. ဆရာတို့ ဖြစ်စေချင်သလို အပြန်အတွက် ကျွန်တော်စီစဉ်ပေးပါ့မယ်´ လို့ ချော့မော့ပြောဆိုပြီး ဟော်တယ်သို့ သူတို့ကားကို ခေါ်သွားပါတယ်။ ကျွန်တော်က မော်တော်ဆိုင်ကယ်နဲ့ သူတို့ကားရဲ့ ရှေ့က လမ်းပြပြီး ခေါ်ဆောင်သွားပါတယ်။ ဟော်တယ်ကိုရောက်တော့ မိသားစု(၃)ဦးခန်းပေးရန် စီစဉ်နေပါတယ်။ အဲဒီ အချိန်မှာ ဆရာနေ၀င်းမြင့် က အခန်းမယူသေးရန် ကျွန်တော့်ကို တားပါတယ်။ ဆရာနေ၀င်းမြင့် တစ်ယောက်တည်းသာ ဒီညစာပေဟောပြောမှာ နေခဲ့မယ်ပြောဆိုပြီး ဆရာမ ခင်ခင်ထူး နဲ့ သူ့သမီးလေး တို့က ယခုကားနဲ့ ချက်ချင်း မန္တလေးကို ပြန်လိုက်သွားတော့မယ် ပြောပါတယ်။ သူတို့ သမီးလေး ကျမ်းမာရေး မကောင်းလို့ နေပြည်တော် စာပေဆုယူတဲ့ပွဲကိုတောင် မိသားစု တက်ပြီး မယူခဲ့နိုင်ကြောင်း ပြောဆိုပါတယ်။ ကျွန်တော်လည်း ကျန်းမာရေးကြောင့်ဆိုတော့ မတားရက်နိုင်တော့ပါ။ ဆရာမ ခင်ခင်ထူး ဒီည စာပေဟောပြောမှာ ပျက်ကွက်ရတာကို ဆရာနေ၀င်းမြင့် မှ စင်ပေါ်ရောက်ရင် ပရိတ်သတ်ကို ကျေနပ်အောင် တောင်းပန်စကားပြောပေးမည် ဆိုပါတယ်။ ဒါနဲ့ ဆရာနေ၀င်းမြင့်သာ ကျန်ခဲ့ပါတယ်။ အဲဒီဟောတယ်မှာ ဆရာနေ၀င်းမြင့် က ကျွန်တော်ကို စကားလုံးကြမ်းများနဲ့ အပြစ်ပြောဆိုနေပြန်ပါတယ်။ ခင်ဗျားတို့ဟောပြောပွဲကော်မတီက ဟိုမြို့ က လူတွေလို မဟုတ်ဘူး။ ခင်ဗျားတို့ စာပေဟောပြောပွဲ ကော်မတီ တွေက ဒီလိုပါဘဲ။ ခေါ်စဉ်ကတစ်မျိုး ပြောဆိုကြပြီး ဟောပြောပွဲလည်းပြီးရော ကျုပ်တို့စာရေးဆရာတွေကို ဘတ်စ်ကား လိုင်းကားပေါ်ကို အတင်းဇွတ်ထိုးတင်ပြီး ပြန်လွှတ် တတ်ကြပါတယ်။ ကျုပ်ဆီကို ဖုန်းလည်း တစ်ခါမှ မဆက်ကြဘူး။ (မှတ်ချက်။ ။ဆရာနေ၀င်းမြင့် ထံ ဟောပြောပွဲကော်မတီ အတွင်းရေးမှူး မှ ဆရာညိုထွန်းလူ၏ ဖုန်းနံပါတ်ကို မေးမြန်းတောင်းခံပြီး ဆရာညိုထွန်းလူနှင့် ဖုန်းဆက်ကြရပါသည်။) စတဲ့ အပြစ်များကို ရင့်သီးစွာ ပြောဆိုပါတယ်။ ကျွန်တော်ကတော့ တောင်းပန်စကားကိုသာ အထပ်ထပ်ပြောဆိုနေရပါတယ်။ ယခုလည်း ဆရာတို့ပြန်ချင်တဲ့ အတိုင်း ဆရာညိုထွန်းလူနဲ့ ဒေါက်တာထွန်းလွင် တို့ကို သွားခေါ်တဲ့ ကားနဲ့ဘဲ ပြန်ဖို့ရန် စီစဉ်ပေးပါမည် လို့ ပြောပါတယ်။ ဒီတော့ ` ဘာလဲ ခင်ဗျားက ကျွန်တော်တို့ စာရေးဆရာတွေက ဘတ်စ်ကားမစီးနိုင်ဘူးလို့ ဆိုပြီး ကျုပ်တို့ကို စာဖတ်သူတွေက အထင်အမြင်လွဲသွားအောင် ပြောနေတာလား?.။ ဟု ဆရာနေ၀င်းမြင့်က(တောင်းပန်ပါတယ်ဆိုသူကို ဘလိုင်းကြီး) ပြောဆိုနေပြန်ပါတယ်။ ဒါနဲ့ ကျွန်တော်လည်း အစစရာရာ လိုအပ်ချက်က ကျွန်တော့်အပြစ်များသာ ဖြစ်ပါတယ်ဆရာရယ်လို့ တောင်းပန်ပြောဆိုပြီး စိတ်ပျက် ၀မ်းနည်းစွာနဲ့ ပြန်လာခဲ့ပါတယ်။ ကျွန်တော်နဲ့ သူ အဆင်မပြေတော့ စာပေဟောပြောပွဲဖြစ်မြောက်ရေးအတွက် တာဝန်များအားလုံးယူပြီး စီစဉ်နေရတဲ့ အတွင်းရေးမှူးကို ထပ်မံလွှတ်လိုက်ရပါတယ်။ အဲဒီအချိန်မှာ ဟောတယ်ကို မန္တလေးက ဆရာညိုထွန်းလူ နဲ့ ဒေါက်တာထွန်းလွင် တို့လည်း ရောက်နေကြတယ် သိရပါတယ်။ ဆရာနေ၀င်းမြင့်တို့ မိသားစု စီးလာတဲ့ ကားကလည်း မြို့ထဲမှ သူ့သူငယ်ချင်းအိမ်က ပြန်ရောက်လာပါတယ်။ ဆရာနေ၀င်းမြင့်က ဒေါသကြီးစွာနဲ့ ဆက်ပြီး စာပေဟောပြောပွဲ ကော်မတီ အတွင်းရေးမှူးကို အပြစ်ဆိုပြီး ယခုချက်ချင်း မန္တလေးကို ပြန်တော့မယ်၊ ဒီည စာဟောပြောပွဲကို မဟောတော့ဘူးဆိုတော့ အတွင်းရေးမှူးက တောင်းပန်ပြောဆိုခဲ့ရကြောင်း သိရပါတယ်။ ကျွန်တော်ကတော့ မြို့တော်ခန်းမနဲ့ အပြည့် စောင့်စားနေကြရှာတဲ့ စာပေ၀ါသနာရှင်များအတွက် သည်းခံပြီး ဆက်လက်ဆောင်ရွက်နေပါတယ်။ အတွင်းရေးမှူးကလည်း ကျွန်တော်လိုသာ ဆရာနေ၀င်းမြင့်အား တောင်းပန်ခယပြီး ပြောဆိုခေါ်လာရကြောင်း ရင်ဖွင့်ပြောကြားပါတယ်..။ ဘာပဲ ပြောပြော အဲဒီည ကျွန်တော်တို့ စာပေဟောပြောပွဲကြီး စည်စည်ကားကား နဲ့ အောင်မြင်သွားခဲ့ပါတယ်ခင်ဗျာ..။ အပြောဆိုခံရကြိုး နပ်ပါတယ်။ အဲဒီညသန်းခေါင်ကျော်သွားပြီး နောက်တစ်နေ့ နံနက်(၁း၃၀)မှာ စာပေဟောပြောပွဲပြီးပါတယ်။ စာပေဟောပြောပွဲပြီး တာနဲ့ ဆရာနေ၀င်းမြင့် နဲ့ ဆရာညိုထွန်းလူတို့က ညတွင်းချင်း ကားနဲ့ ပြန်ပို့ပေးကြရန် တောင်းဆိုလာပြန်ပါတယ်။ ပြန်ပို့မယ့် ကားမှာ (၂၈-၁၂-၂၀၁၁) နေ့ည တစ်ညလုံး မအိပ်ဘဲ မောင်းပြီး (၂၉-၁၂-၂၀၁၁) နေ့ နံနက် မန္တလေးသို့ရောက်ပါတယ်။ နံနက်ပိုင်း မှာ မန္တလေးမြို့မှ တစ်နေကုန်ကားမောင်းပြီး ပြန်လာရပါတယ်။ ညနေ(၅)နာရီမှာ ပြန်ရောက်လာပါတယ်။ ကားမောင်းသူမှာ ယခုည ဟောပြောပွဲပြီးပြီးချင်း ပြန်ပို့ဖို့ ကားကို လုံးဝ မမောင်းနိုင်တော့ပါ။ ညတွင်းချင်း ကားမောင်းမယ့် ဒရိုင်ဘာကိုလည်း ငှါလို့မရပါ။ ဒါကြောင့် (၃၀-၁၂-၂၀၁၁) နေ့ ပြန်ပို့ရမယ့် ကားကို ကျန့်ခိုင်ရေးလုပ်ပြီး နံနက်(၁၀)နာရီကျော် မှ စာရေးဆရာများကို မန္တလေးမြို့သို့ ပြန်ပို့နိုင်ခဲ့ပါတယ်။ ညတွင်းချင်း ပြန်မပို့နိုင်တာကို နားလည် ပေးကြပါဆရာတို့ရယ်..။ ဒီလိုသာဆိုရင်တော့ ကျွန်တော်တို့ စာပေဟောပြောပွဲများကို ဇာတ်ပွဲများအား ငှါးရမ်းသလို နှစ်ဦး နှစ်ဘက်စာချုပ်ပြီး ကျင်းပကြရပါတော့မည်…။ ရွှေလမ်းငွေလမ်းဝင်းကြည် မကွေးမြို့ ။ ဖုန်း ၀၆၃-၂၅၁၉၇ ၂၀၁၁ ၊ ဒီဇင်ဘာလ(၃၀)။
 

0 comments: